By Hsu Yee / MPA
နိုင်ငံတကာအဖွဲ့အစည်းအချို့က ငလျင်ဘေးသင့်ပြည်သူများကို NUG အစိုးရမှတစ်ဆင့် ထောက်ပံ့ကူညီပေးနေပြီဖြစ်ကြောင်း သိရသည်။
NUG အစိုးရအနေနှင့် ကုလသမဂ္ဂ အပါအဝင် အလှူရှင်နိုင်ငံများအား စာရေးသားပေးပို့ခြင်းနှင့် လူချင်းတွေ့ဆုံခြင်းများ ပြုလုပ်ပြီး Cross Border Aid (နယ်စပ်ဖြတ်ကျော် အကူအညီ) များထပ်မံ ရရှိနိုင်ရန် လုပ်ဆောင်နေကြောင်း လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနထံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ Cross border aid တချို့ လက်ခံရရှိတာရှိပေမယ့် ပြင်ပကို ချပြနိုင်တဲ့ အနေအထားမှာ မရှိပါဘူး။ ကြားခံအဖွဲ့အစည်းကနေ သွားတာမို့လို့ပါ။အခုလက်ရှိ ရောက်ပြီးသား အကူအညီတွေကိုလည်းပဲ မိမိတို့ထိန်းချုပ်တဲ့နေရာတွေနဲ့ လိုအပ်တဲ့နေရာတွေရောက်အောင် အဖက်ဖက်က ပူးပေါင်းဆောင် ရွက်ဖို့ အဆင်သင့်ရှိတယ်ဆိုတာကို စဉ်ဆက်မပြတ် message တွေ ပေးနေပါတယ်” ဟု၎င်းက MPA သို့ ပြောသည်။
ငလျင်ဘေးဒဏ်သင့် ဒေသများသို့ ထောက်ပံ့မှုလုပ်ငန်းများ အားလုံးပြီးသွားပါက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ စာရင်းဇယားနှင့်တကွ ထောက်ပံ့မှုများအား တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဧပြီ ငါးရက်တွင် စစ်ကိုင်းတိုင်း NUG စိုးမိုးနယ်မြေအတွင်းရှိ ငလျင်ဒဏ်သင့် ကျေးရွာရှစ်ရွာမှ အိမ်ထောင်စု ၃၉၄ စုသို့ စားနပ်ရိက္ခာနှင့် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ကူညီခဲ့ကြောင်း NUG အစိုးရက သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည် ဧပြီလေးရက်က ဂျပန်နိုင်ငံ၊ အောက်လွှတ်တော်အမတ်များရုံး၌ ကျင်းပသည့် မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံအားပေးသော ပါတီစုံလွှတ်တော်အမတ်များသမဂ္ဂ၏ အရေးပေါ်အစည်းအဝေး၌ တော်လှန်ရေးအင်အားစုများစိုးမိုးထားသည့် ဒေသများရှိ ငလျင်ဘေးသင့်ပြည်သူများကို NUG အစိုးရအပါအဝင် ဒေသခံအဖွဲ့အစည်းများ၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ အရေးပေါ်အကူအညီအမြန်ဆုံးပေးရန် NUG ကမေတ္တာရပ်ခံထားသည်။