By Ra Wai / MPA
မြန်မာငလျင်ဘေးကို ကနေဒါက နိုင်ငံတကာအဖွဲ့အစည်းများမှတစ်ဆင့်လူသားချင်းစာနာမှုအကူအညီ အမေရိကန်ဒေါ် လာ ၉ ဒဿမ ၇၅ သန်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းထောက်ပံ့ငွေများအနက် အမေရိကန်ဒေါ်လာလေးသန်းကို အပြည်ပြည်ဆိုင်ရာ ကြည်ခြေနီအဖွဲ့ချုပ်နှင့် လခြမ်းနီအသင်းများ၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နှင့် ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) အတွက် ကန်ဒေါ်လာနှစ်သန်းစီနှင့် လူသားချင်းစာနာမှုဆိုင် ရာ မိတ်ဖက်အဖွဲ့များအတွက် ကန်ဒေါ်လာ ၁ ဒဿမ ၇၅ သန်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“စစ်ကောင်စီကို ငွေတိုက်ရိုက်မပေးတဲ့အပေါ် ကြိုဆိုရပါမယ်။ အခုဆို ကူညီကယ်ဆယ်ရေးအဖွဲ့တွေ စစ်ကောင်စီခွင့်ပြုချက်ရမှ လုပ်ရမယ်ဆိုတာမျိုး၊လာလှူတဲ့ အလှူရှင်တွေကို မှတ်တမ်းတင်ခိုင်းတာမျိုး လုပ်နေတဲ့အခါကျတော့ ငလျင်လာကူတဲ့ နိုင်ငံတကာအဖွဲ့တွေကိုလည်း ထုံးစံအတိုင်း စစ်ကောင်စီ ကျပ်တော့မယ်ထင်တယ်” ဟု မုံရွာနိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက MPA သို့ ပြောသည်။
ကနေဒါနိုင်ငံ၏ ထောက်ပံ့ငွေများကို အရေးပေါ် ဆေးကုသမှုဆိုင်ရာ ဝန်ဆောင်မှုများ ထောက်ပံ့ပေးခြင်း၊ အမိုးအကာ၊ အစားအသောက်နှင့် အခြား အရေးပေါ်ပစ္စည်းများ ပေးအပ်ခြင်းတို့တွင် အသုံးပြုသွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာကနေဒါသံရုံးက ယနေ့ (ဧပြီခုနှစ်ရက်) သတင်းထုတ်ပြန်သည်။
နေပြည်တော်တွင် ပြုလုပ်သည့် ငလျင်အရေးအစည်းအဝေးတွင် အာဏာသိမ်းဒုစစ်ခေါင်းဆောင် စိုးဝင်းက မြေပြင်ကူညီကယ်ဆယ်ရေးအဖွဲ့များအားလုံး စစ်ကောင်စီထံ ခွင့်ပြုချက်တောင်းပြီး စစ်ကောင်စီလက်အောက်ခံအဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်ရမည်ဟု ပြောကြားခဲ့သည်။