By Ra Wai / MPA
ငလျင်ဒဏ်သင့်ပြည်သူများကို လူမှုဘဝကယ်ဆယ်ရေးအကူအညီများပေးရန် ရန်ပုံငွေ အရေးတကြီး လို အပ်နေပြီး ကမ္ဘာ့နိုင်ငံများအနေနှင့် မျက်ကွယ်မပြုသင့်ကြောင်း UNOCHA က ဆိုသည်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ Tom Fletcher သည် ဧပြီငါးရက်နှင့် ခြောက် ရက်တို့တွင် ငလျင်ဘေးသင့်ဒေသ မန္တလေးမြို့သို့ ရောက်ရှိနေပြီး ငလျင်ဘေး တုံ့ပြန်ရေးအတွက် ရန်ပုံငွေ အရေးတကြီးလိုအပ်နေကြောင်း ဆိုသည်။
“အပူချိန် မြင့်တက်နေချိန်မှာပဲ အပျက်အစီးကြားက ထုတ်မရသေးသူတွေလည်း အများကြီးရှိနေပါ သေးတယ်။ ရောဂါပိုးမွှားတွေဟာလည်း အန္တရာယ်တစ်ခုပါပဲ။ မုတ်သုံရာသီလည်း မကြာခင်ကျ ရောက်တော့မှာကြောင့် ခိုလှုံစရာနေရာ ရရှိဖို့ အင်မတန် အရေးကြီးပါတယ်။
ကုလသမဂ္ဂ ဟာ ဘေးဒဏ်သင့်နေရာဒေသတွေမှာ ရှိနေပြီး ဒေသခံ အဖွဲ့အစည်းတွေကိုကူညီဆောင်ရွက်လျက်ရှိပါ တယ်။ ဒါပေမယ့် တုံ့ပြန်ရေးအတွက် ရန်ပုံငွေ အရေးတကြီး လိုအပ်နေပါတယ်”ဟု UNOCHA Myanmar က ထုတ်ပြန်သည်။
ငလျင်ဘေးကြောင့် ဖြစ်ပေါ်လာသည့် လိုအပ်ချက်များကို ဖြည့်တင်းနိုင်ရန်နိုင်ငံတကာအသိုင်းအဝိုင်း အ နေနှင့် အမြန်ဆုံး ရန်ပုံငွေထည့်ဝင်ကြရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကလည်း တောင်းဆိုထားသည်။
၂၀၂၅ ခုနှစ်၊ ဧပြီအထိ ရောက်လာသော်လည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအတွက် အဆိုပြုတောင်းခံထားသည့် ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံအတွက် ငါးရာခိုင်နှုန်းကျော်သာ ရရှိထား ကြောင်း ဧပြီနှစ်ရက်တွင် UNOCHA Myanmar က ထုတ်ပြန်ထားသည်။
“ကုလသမဂ္ဂ ဘေးဒဏ်သင့်နေရာတွေက ဒေသခံအဖွဲ့အစည်းတွေကို ကူညီပေးနေတဲ့အပေါ် ကြိုဆို ပါတယ်။ ကုလက အကူအညီပေးနေတဲ့အထဲမှာ တော်လှန်ရေးအင်အားစုသိမ်းပိုက်ထားတဲ့ဒေသတွေထဲက ငလျင်ဘေးသင့်ပြည်သူတွေ မပါသေးပါဘူး။ သူတို့အတွက် ဘယ်လိုအကူအညီပေးမလဲဆိုတာ မေးခွန်းထုတ်ချင်ပါတယ်” ဟု ၂၀၂၀ ရွေးကောက်ခံ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက MPA သို့ပြောသည်။
ဖျက်အားပြင်းငလျင်ကြောင့် မြန်မာနိုင်ငံက မြို့နယ် ၃၃၀ မြို့နယ် အနက် မြို့နယ် ၆၀ နီးပါးတွင် နေထိုင်သည့် လူဦးရေ ၁၇ သန်းခန့် ထိခိုက်မှုရှိမည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။