5 Apr 2025 By Ra Wai / MPA
ဖျက်အားပြင်းငလျင်ကြောင့် လူဦးရေ ၁၇ သန်းခန့် ထိခိုက်မှုရှိမည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှု ဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA က ခန့်မှန်းထားသည်။
ယင်းလူဦးရေ ၁၇ သန်းခန့်မှာ မြို့နယ် ၆၀ ခန့်တွင် နေထိုင်ကြသူများဖြစ်ပြီး ထိခိုက်မှု အပြင်းထန် ဆုံး နေရာဒေသရှိ လူသန်းပေါင်းများစွာသည် လျှပ်စစ်မီး၊ သန့်ရှင်းသည့် သောက်သုံးရေ၊ စားနပ်ရိက္ခာနှင့် ကျန်းမာရေး စောင့်ရှောက်မှု မရခြင်း သို့မဟုတ် လုံလောက်မှုမရှိခြင်းတို့ ကြုံတွေ့ကြရကြောင်း UNOCHA Myanmar က ယနေ့ (ဧပြီ ငါးရက်) ထုတ်ပြန်သည်။
“မြန်မာနိုင်ငံက ကုလအဖွဲ့အစည်းတွေအနေနဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲက ငလျင်ဘေးသင့်ပြည်သူတွေကို ဘယ်လိုအကူအညီပေးမလဲဆိုတာ အခိုင်အမာ စဉ်းစားပိုင်းဖြတ်ထားဖို့ လိုမယ်”ဟု ၂၀၂၀ ရွေးကောက်ခံ မန္တလေးတိုင်းလွှတ်တော်ကိုယ်စား လှယ်တစ်ဦးက MPA သို့ပြောသည်။
ကုလသမဂ္ဂ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး Tom Fletcher သည် ယနေ့တွင် မန္တလေးနှင့် နေပြည်တော်က ငလျင်ဘေးသင့် ပြည်သူများနှင့် တွေ့ဆုံခဲ့ရာ ပြည်သူတို့၏ ဆုံးရှုံးမှုအကြောင်း ကြားခဲ့ရသလို ၎င်းတို့၏ ခံနိုင်ရည်ရှိမှုနှင့် စည်းလုံးညီညွတ်မှုကိုလည်း မြင်တွေ့ခဲ့ရကြောင်း UNOCHA Myanmar က ထုတ်ပြန်သည်။
တယ်လီဖုန်းဆက်သွယ်ရေးစနစ်များ ပြတ်တောက်မှုနှင့်အတူ လမ်း၊ တံတားများ ပျက်စီးခဲ့ခြင်း ကြောင့် ဘေးသင့် ပြည်သူများဆီ အရေးကြီး အကူအညီများ ရောက်ရှိနိုင်ရန် ပိုမို ခက်ခဲလျက် ကြောင်း လူမှုဂရုဏာလုပ်သားများသည် ဒေသခံ ရှေးဦးပံ့ပိုးပေးသည့် အဖွဲ့အစည်းများကို အားဖြည့်ကူညီပေးရင်း ဘေးအန္တရာယ်ထိခိုက်မှုအပြင်းထန်ဆုံးသူများအတွက် လူမှုဘဝရှင်သန်ရေး အကူအညီများပေးနိုင်ရန် အချိန်ပြည့် လုပ်ဆောင်လျက်ရှိကြောင်းလည်း သိရသည်။
“ဒါပေမဲ့၊ ဒီ့ထက် အများကြီး လုပ်ဆောင်ဖို့ လိုအပ်နေပါသေးတယ်”ဟု UNOCHA Myanmar ကဆိုသည်။
မြန်မာပြည်သူများသည် ငလျင်ဘေးဒဏ်မခံရခင်ကတည်းက ထိတ်လန့်စရာ လူသားချင်းစာနာမှုဆိုင် ရာဘေးဒုက္ခများကို ခါးစည်းခံနေရကြောင်းဖြစ်ပွားဆဲလက်နက်ကိုင်ပဋိပက္ခ၊ ရာသီ ဥတု ဖောက်ပြန် မှု၊ စားနပ်ရိက္ခာမဖူလုံမှုနှင့် စီးပွားရေးဆုတ်ယုတ်မှုတို့၏ ဒဏ်ကြောင့် လူဦးရေ သန်း ၂၀ သည် လူ သားချင်းစာနာမှုအကူအညီ အရေးပေါ်လိုအပ်လျက်ရှိကြောင်း UNOCHA Myanmar က ဆိုသည်။
“လတ်တလောကြုံလိုက်ရတဲ့ ငလျင်ဘေးကြောင့် အခြေအနေတွေဆိုးသထက်ဆိုးလာပြီး ပြည်သူတွေရဲ့ လိုအပ်ချက်တွေဟာ အသက်ရှင်နေထိုင်ရေးအတွက် ပိုပြီးအရေးကြီးလာပါတယ်”ဟု လည်း UNOCHA Myanmar ကဆိုသည်။
၂၀၂၅ ခုနှစ်၊ ဧပြီအထိ ရောက်လာသော်လည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအတွက် အဆိုပြုတောင်းခံထားသည် ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံအတွက် ငါးရာခိုင်နှုန်းကျော်သာ ရရှိထားပြီး အရေးပါသော လူမှုဘဝကယ်ဆယ်ရေးအကူအညီများပေးရန် ရန်ပုံငွေ အရေးပေါ်လိုအပ်လျက် ရှိကြောင်း UNOCHA Myanmar ကထုတ်ပြန်သည် ။