By Nway / MPA
မန္တလေးမြို့တွင် ငလျင်ကြောင့် သေဆုံးခဲ့သည့် ပြည်သူများ၏ ရုပ်အလောင်းဖော်ရန်နှင့် အဆောက်အအုံဖြိုရန် စက်ယန္တရား ငှားရမ်းခမှာ ၂၅ သိန်းမှ သိန်း ၆၀၀ အထိ ဈေးပေါက်နေကြောင်း သိရသည်။
မန္တလေးမြို့တွင် ကယ်ဆယ်ရေးအဖွဲ့ကို မစောင့်ဆိုင်းနိုင်သူများသည် ပုဂ္ဂလိကပိုင် ဘက်ဟိုးများ ငှားရမ်းနေကြခြင်းဖြစ်ကြောင်း ချမ်းမြသာစည်မြို့နယ်နေ ပြည်သူတစ်ဦးထံက သိရသည်။
” အလောင်းလာဖော်တာကို မစောင့်နိုင်လို့ ကိုယ်ဟာကိုယ် ဘက်ဟိုးငှားပြီး ဖော်ကြတာ သိန်းအစိတ် ပေးရတယ်။ တိုက်အမျိုးအစားပေါ်မူတည်ပြီး သိန်း ၂၅၀၊ သိန်း ၃၀၀၊ သိန်း ၆၀၀ တောင်းတာ။ ဒါကျ တိုက်ဖြိုခပေါ့ ” ဟု၎င်းက MPA ကို ပြောသည်။
ငလျင်ဒဏ်ကြောင့် ပြိုလုဆဲဆဲနေအိမ်များ ထပ်မံပြိုကျပါက ဘေးအိမ်များ ထိခိုက်မည်စိုးသဖြင့် ဘက်ဟိုးများ ငှားရမ်းကာ ဖြိုချနေခြင်းများလည်းရှိကြောင်း သိရသည်။
ယခုကဲ့သို့ ဈေးကြီးပေး ငှားရမ်းနေကြရသည့်အပေါ် မန္တလေးတိုင်းအတွင်းရှိ သတင်းအချက်အလက် များကို မျှဝေပေးနေသည့် နွေဦးတော်လှန်ရေးစာမျက်နှာ Voice Of Mandalay မှ တာဝန်ရှိသူတစ်ဦးက ” ဘယ်လိုမြင်လဲဆိုရင် တော့ဗျာ၊ ကိုယ့်အတွက်ကိုယ်ပဲကြည့်တဲ့ ကိုယ်ကျိုးကြည့်သူတွေရှိနေသရွေ့တော့ နိုင်ငံကတော့ မတွေးဝံ့စရာပါဘဲ ” ဟု မှတ်ချက်ပြုသည်။
ပျက်စီးသွားသည့်အဆောက်အအုံများကို ဖြိုချနိုင်ရန် ငွေကြေးအဆမတန် တောင်းခံမှုများရှိနေခြင်းကြောင့် ဘေးသင့်ဒေသခံများသည် အပျက်အစီးပုံများကို မရှင်းလင်းနိုင်ဘဲ ဖြစ်နေကြောင်းထို့ကြောင့် အပျက်အစီးများ ရှင်းလင်းနိုင်ရေးအတွက်စက်ယန္တရား ဌားရမ်းရန် ငွေသား ထောက်ပံ့မှု လိုအပ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ ( ဧပြီ ငါးရက် ) ထုတ်ပြန်ထားသည်။
မန္တလေးတိုင်းတွင် ငလျင်ကြောင့် လူသေဆုံးမှု ၁၈၀၈ဦး ထိ ရှိနေပြီဖြစ်ကြောင်း NUG အစိုးရ ကဆိုသည်။
မန္တလေးတိုင်းနှင့်စစ်ကိုင်းတိုင်းတွင် ငလျင်ဒဏ်သင့်ပြည်သူများအတွက် နိုင်ငံတကာက အခမဲ့ဆေးခန်း ရှစ်ခုဖွင့်ကာ ဧပြီ ၁ရက်မှ ၁၀ရက်အထိ ကုသပေးနေကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ( မန္တလေးတိုင်း ) က သတင်းထုတ်ပြန်ထားသည်။