By Nway / MPA
ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့၊ အိုးဘိုထောင်ပြိုကျမှုတွင် နိုင်ငံရေးအကျဉ်းသူခြောက်ဦး သေဆုံးခဲ့ကြောင်းသိရသည်။
မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် အိုးဘိုထောင်ရှိ အမျိုးသမီးအဆောင်တစ်နှင့် အဆောင်နှစ် တို့ ပြိုကျခဲ့ပြီး ယင်းအဆောင်များထဲရှိ နိုင်ငံရေးအကျဉ်းသူ ခြောက်ဦးသေဆုံးခဲ့သည်ဟု အတည်ပြုထားနိုင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ယနေ့ ( ဧပြီ ၅ရက် ) သတင်းထုတ်ပြန်သည်။
” အခုချိန်ထိ Dead Body တွေကို မိသားစုဝင်တွေဆီ ပြန်ပေးတဲ့အခြေအနေ မရှိဘူးလို့ပဲ သိထားရပါတယ်” ဟု PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက MPA ကို ပြောသည်။
သေဆုံးသူများမှာ မမိုးသူဇာခိုင်၊ ဒေါ်လဲ့လဲ့စိုး၊ ဒေါ်ခင်အုန်းရွှေ၊ မကေကေဝင်း၊ မပပဝင်းနှင့် မဖူးဝေဝေ တို့ဖြစ်ကြောင်း သိရသည်။
“ အကျဉ်းထောင်တွင်း စီမံခန့်ခွဲမှုညံ့ဖျင်းမှု၊ တိုက်ပိတ်ချိန် အကျဉ်းသားတွေကို အပြင်ထွက်ပြေးခွင့် မပေးခဲ့မှုတွေ၊ အကျဉ်းသားတွေကို လုံလောက်တဲ့နေရာမပေးဘဲ စုပြုံထားမှုတွေကြောင့် သေဆုံးရ တာဖြစ်တယ်လို့ ထောက်ပြမှာစိုးလို့ အကျဉ်းဦးစီးက ထောင်တွင်းသေဆုံးမှုတွေကို မထုတ်ပြန်တာ ဖြစ်တယ်လို့ သုံးသပ်ပါတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။
ငလျင်ကြောင့် ပြင်းထန်ဒဏ်ရာရသူ ကိုးဦးနှင့် ဆေးရုံတက်ရန်လိုအပ်သူ ၄၀ကျော်ရှိပြီး ဆေးကုသခွင့် ကန့်သတ်ခံထားရကြောင်း ဧပြီ ၄ရက်တွင် PPNM က ထုတ်ပြန်ထားသည်။
ငလျင်ကြောင့် အိုးဘိုထောင်တွင် အနည်းဆုံး လူ၁၂ဦးသေဆုံးမှုရှိပြီး အကျဉ်းဦးစီးဌာန၏ သတင်းအမှောင်ချထားမှုကြောင့် အိုးဘိုထောင်တွင်း သေဆုံးမှုသည် PPNM ထုတ်ပြန်ထားမှုထက် ပိုများနိုင်ကြောင်း သိရသည်။