By Ra Wai / MPA
ငလျင်ဘေးဒဏ်သင့်အသိုက်အဝန်းများကို အမေရိကန်ပြည်ထောင်စုက ကန်ဒေါ်လာခုနှစ်သန်း ထပ်တိုးပံ့ပိုးကူညီသွားမည်ဟု သိရသည်။
အမေရိကန် ဘေးအန္တရာယ်ကျွမ်းကျင်ပညာရှင်များ၏ ကနဦး အကဲဖြတ်ဆန်းစစ်ချက်များအရ ထပ်တိုး ရန်ပုံငွေ ကန်ဒေါ်လာခုနှစ်သန်း ပံ့ပိုးသွားမည်ဖြစ်၍ စုစုပေါင်း ကန်ဒေါ်လာကိုးသန်း ပေးအပ် သွားမည်ဖြစ်ကြောင်း U.S. Embassy Rangoon ၏ ထုတ်ပြန်ချက်များအရ သိရသည်။
“ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေကို နိုင်ငံတကာက မြန်မြန်ဆန်ဆန် အကူအညီပေးတဲ့အပေါ် အထူးကျေးဇူးတင်ရပါတယ်။ဒါပေမဲ့၊နိုင်ငံတကာရဲ့ အကူအညီတွေဟာ ငလျင်ဘေးသင့်ပြည်သူတိုင်း ရရှိခံစားရဖို့ မဖြစ်နိုင်ဘူးဆိုတာကိုလည်း သတိပြုကြဖို့လိုပါတယ်။ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ ရှိတဲ့ လူသားချင်းစာနာမှု နိုင်ငံတကာအဖွဲ့တွေဟာ စစ်ကောင်စီကန့်သတ်ထားတဲ့ နယ်မြေတွေ လောက်ပဲ အကူအညီပေးနိုင်လို့ပါပဲ”ဟု မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက MPA သို့ပြော သည်။
မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဖျက်အားပြင်းငလျင်နှင့်ပတ်သက်ပြီး အရေးပေါ် တုံ့ပြန်မှုအနေဖြင့် အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံအခြေစိုက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီ ပေးသည့်အဖွဲ့အစည်းများမှတစ်ဆင့် အမေရိကန် ဒေါ်လာနှစ်သန်းပံ့ပိုးသွားမည်ဟု မတ် ၃၀ ရက်က ထုတ်ပြန်ထားသည်။
အမေရိကန်ပြည်ထောင်စု၏ ထောက်ပံ့မှုများသည် ငလျင်ဘေးဒဏ်သင့်အသိုက်အဝန်းများအတွက် အရေးပေါ် နားခိုရာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်းများ နှင့် သောက်သုံးရေ ရရှိရေးအတွက်ဖြစ်ကြောင်း သိရသည်။
ပျက်စီးဆုံးရှုံးမှုများမှ ပြန်လည်ထူထောင်ရန်ကြိုးပမ်းလျက်ရှိကြသော မြန်မာပြည်သူများနှင့်အတူ အမေရိကန်ပြည်ထောင်စုက ရပ်တည်လျက်ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။