By Maung Dagon / MPA
ရန်ကုန်မြို့တွင် ငလျင်ကပ်ဘေးအတွက် အလှူခံထွက်နေကြသည့် လူငယ်များကို ရပ်ကျေး စစ်ကောင်စီအဖွဲ့ဝင်များက ခွင့်ပြုချက်တောင်းခံရမည်ဟုဆိုကာ ငွေတောင်းခံမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဧပြီ တစ်ရက်က တာမွေမြို့နယ်အတွင်း ငလျင်ကပ်ဘေးအတွက် အလှူခံထွက်နေသည့် လူငယ်များကို ရပ်ကျေးစစ်ကောင်စီ အဖွဲ့များက လာရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ခွင့်ပြုမိန့် တောင်းထားခြင်းရှိမရှိ မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။
ထို့နောက် အဆိုပါလူငယ်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်ကာ ငွေကျပ် သုံးသိန်းတောင်းခဲ့သည့်အပြင် နေရပ်လိပ်စာများကို မှတ်သားခဲ့ကြောင်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် လူငယ်များ၏ မိတ်ဆွေများထံမှ စုံစမ်းသိရှိရသည်။
” ဒီနေရာမှာ အလှူခံဖို့ ခွင့်ပြုချက်တောင်းထားလား မေးတယ်။ မတောင်းထားရသေးလို့ ဘယ်လိုတောင်းရမလဲဆိုတော့ ရုံးခေါ်သွားတယ်။ ပြီးတော့ ဖုန်းတွေ စစ်တယ်။ လိပ်စာတွေမေးတယ်။ ငွေသုံးသိန်းလည်းတောင်းသွားတယ်” ဟု ရပ်ကျေး စစ်ကောင်စီအဖွဲ့များ၏ ငွေညှစ်ခြင်းကို ခံခဲ့ရသည့် ပရဟိတ လူငယ်များနှင့် သိကျွမ်းသူ တစ်ဦးက ပြောသည်။
ထို့ပြင် ငလျင်ဘေးအတွက် အလှူခံပေးလိုသည့် လူငယ်များက ရပ်ကျေးစစ်ကောင်စီများကို မည်သည့် နေရာတွင် ခွင့်ပြုချက် တောင်းရမည်နည်းဟု မေးသည့်အခါ အထက်ကို ဟုသာ ပြောဆိုခြင်းများ ရှိပြီး အထက် ဆိုသည်မှာ မည်သူနည်းဆိုသည်ကို တိတိကျကျ ပြောဆိုခြင်းမျိုး မရှိဟုလည်း သိရသည်။
” သူတို့က အထက်ကို တင်ရမယ်ပြောတယ်။ ထွေအုပ်ရုံးသွားမေးတော့လည်း အထက်ကိုလို့ပဲ ပြောတယ်။ အဲ့ဒီ အထက်ဆိုတာ ဘယ်အထပ်မှန်း ရေရေရာရာလည်း မပြောဘူး” ဟု စမ်းချောင်းမြို့နယ်နေ အသက် ၂၀ကျော်အရွယ် လူငယ်တစ်ဦးက ပြောသည်။
ထိုသို့ ရပ်ကျေး စစ်ကောင်စီ အဖွဲ့များက ငလျင်ဘေး အလှူခံမှုများကို လိုက်လံ နှောင့်ယှက်နေသဖြင့် ပရဟိတ လူငယ်များအနေဖြင့် အလှူခံရာ၌ သတိထားရန် အသိပေးမှုများလည်းရှိနေသည်။
အထူးသဖြင့် တစ်နေရာမှ တစ်နေရာသို့ လမ်းလျှောက် ပရဟိတ အလှူခံခြင်းများ ပြုလုပ်သည့် လူငယ်များ အများဆုံး နှောင့်ယှက်ခံရသည်ဟု သိရသည်။
” ခွင့်ပြုချက်မရှိရင် အလှူခံလို့မရဘူးဆိုပြီး လိုက်လုပ်နေလို့ ကလေးတွေကို သတိပေးထားရတယ် ” ဟု အမည်မဖော်လိုသည့် အနုပညာရှင်တစ်ဦးက ပြောသည်။
ထို့ပြင် ရပ်ကျေး စစ်ကောင်စီ အဖွဲ့များသည် ငလျင်အတွက် အလှူခံခွင့် ခွင့်ပြုချက်ရလိုလျှင် ၄င်းတို့အား အနည်းဆုံး ငွေငါးသောင်းကျပ် ပေးရမည်ဟု ငွေညှစ်မှုများလည်း ရှိသည်ဟု သိရသည်။
” ခွင့်ပြုချက်လိုချင်ရင် ငါးသောင်းပေးဖို့တောင်းတယ်။ ငလျင်အတွက် အလှူခံတာကို ရပ်ကွက်လူကြီးဆိုတဲ့ ကောင်တွေကို ငွေပေးရသေးတာဗျာ” ဟု ငလျင်ဘေးအတွက် အလှူခံမှုများ ပြုလုပ်ပေးနေသည့် အသက် ၂၅နှစ်အရွယ် လူငယ်တစ်ဦးက ပြောသည်။
မတ်၂၈ ရက်တွင် စစ်ကိုင်းနှင့် မန္တလေးမြို့အနီး ဗဟိုပြု၍ အင်အား ရစ်ချတ်တာစကေး ၇ဒဿမ ၇ အဆင့်ရှိ မြေငလျင်ကြီး လှုပ်ခတ်ခဲ့သဖြင့် ငလျင်ဒဏ်ခံ မြို့များတွင် ထိခိုက်သေကြေပျက်ဆီးမှုများစွာ ဖြစ်ပေါ်လျှက်ရှိသည်။
လက်ရှိ စာရင်းများအရ ငလျင်ဘေးကြောင့် သေဆုံးသူ လေးထောင်နီးပါးရှိလာပြီဖြစ်ပြီး သန်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့သည်။
အဆိုပါ ငလျင်ဘေးသင့် ပြည်သူများအား ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးရန် ရန်ကုန်အပါအဝင် အနယ်နယ်အရပ်ရပ်မှ ပြည်သူများက ကြိုးပမ်းပေးလျှက် ရှိနေပြီး ရပ်ကျေးစစ်ကောင်စီများကမူ ငလျင်ဘေး ကူညီသူများကို ယခုကဲ့သို့ ငွေညှစ်နေခြင်းလည်း ဖြစ်သည်။
စာတည်း-ကိုဆန်း