By Bala / MPA
ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းတွင် ငလျင်လှုပ်ပြီးနောက် ရေကြောပြောင်းလဲမှု များ ဖြစ်ပေါ်လာကြောင်း သိရသည်။
မတ်လ ၂၈ရက်တွင် ဖျက်အားပြင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက် ရေကြောပြောင်းလဲမှုများ ဖြစ်လာကာ ရေအရောင်ပြောင်းခြင်းနှင့် ရေခမ်းခြင်းတို့ ဖြစ်ပေါ်လာကြောင်း ဒီးမော့ဆိုအနောက်ခြမ်း ၊လေးမိုင်နေ ဒေသခံတစ်ဦးက ပြောသည်။
“ငလျင်လှုပ်ပြီးမှ ရေတွေ ရွှံ့အရောင်ပြောင်းသွားတို့၊ရေခမ်းတာတို့ ဖြစ်လာတာပေါ့။နန်းစံဖူးချောင်း ဆို ငလျင်လှုပ်ပြီးသိပ်မကြာဘူး။ရေထွက်ပေါက်က ရေနည်းသွားပြီး ရေတွေပါမကြည်တော့တာပေါ့။ အဓိကဒုက္ခရောက်တာက ရေမဝယ်နိုင်တဲ့သူတွေက အဲ့နေရာမှာပဲ အဝတ်လျှော်၊ရေချိုးလုပ်ကြတော့ သူတို့ပိုဒုက္ခရောက်သွားတာပေါ့”ဟု ၎င်းက MPAသို့ပြောသည်။
နန်းစံဖူးချောင်းရေမှာ ရေထွက်နည်းကာ ရေများမကြည်တော့သည့်အပြင် ယင်းချောင်းထဲသို့ ရေစီး ဆင်းရာ ချောင်းလက်တက်များတွင်လည်း ရေမကြည်တော့ သဖြင့် ဒေသခံများအနေဖြင့် ရွှံ့ရေများ ကို တစ်ညသိပ်ကာ အသုံးပြုနေရကြောင်း လေးမိုင်၊မြေနီကုန်းရပ်နေ ရေရောင်းချသူတစ်ဦးက ပြောသည်။



“ရေကို ထော်လာဂျီနဲ့ လိုက်ပို့တာဆိုပေမယ့် အရင်လိုမကြည်လည်း ဝယ်သုံးရတာပေါ့။ရေက ဝယ် ဝယ်ချင်းဆို သုံးလို့မရဘူး။ တစ်ညသိပ်ပြီး ရွှံ့တွေ အနည်ထိုင်တော့မှ သုံးရတာပေါ့။ချိုးရေရော၊ သုံးရေရော အသုံးပြုနေကြရတာပဲ”ဟု ၎င်းက ပြောသည်။
ဒီးမော့ဆိုအနောက်ခြမ်းရှိ လွိုင်နန်းဖရွာအနီးတွင်လည်း ရေထွက်ပေါက်အချို့ ရေမထွက်တော့သလို ယခင်က ရေမထွက်သည့်နေရာအချို့တွင် ရေများထွက်လာကြောင်း လွိုင်နန်းဖရွာနေ စစ်ရှောင်တစ် ဦးက ပြောသည်။
“ငလျင်မလှုပ်ခင်ရက်ပိုင်းလောက်က ကျတော့်အိမ်နောက်မှာ ရေတွေစထွက်လာတယ်။ ရေက ကြည် လည်းကြည်တယ်၊ရေအားလည်းကောင်းတယ်။ဒီဘက်က ဒေသခံတွေပြောတာတော့ ခုနှစ်နှစ်နေမှ တစ်ခါဒီနေရာကရေထွက်တာလို့ပြောတယ်။ နွေရာသီပဲရေထွက်တာပေါ့။ ခြောက်လပိုင်းလောက်ဆို ခမ်းပြီပေါ့။နောက်တစ်နေရာကျတော့ လွိုင်နန်းဖရွာနားမှာပဲ အရင်ကရေပူထွက်တာပေါ့။ အခုငလျင်လှုပ်သွားတော့ရေထွက်ပေါက်တွေပိတ်သွားတယ်။ရေလည်းအရင်လိုရေအားမကောင်းတော့ဘူး။ရေထွက်ပေါက်နှစ်ခုမှာ တစ်ခုဆို ပိတ်သွားပြီ။နောက်တစ်ခုကလည်း ထွက်တယ်ဆိုရုံ လောက်ပဲထွက်တော့တာမျိုးပေါ့”ဟု ၎င်းက ပြောသည်။
နွေရာသီကာလအတွင်း ရေထွက်လေ့မရှိသည့် ဒီးမော့ဆိုအနောက်ခြမ်း၊ ဒေါတဝီရွာ အပါအဝင် နေရာအချို့၌လည်း ရေထွက်ပေါက်များမှ ရေများပြန်လည်ထွက်ရှိလာပြီး မြေတွင်းကြီးများ လည်း ပေါ်ထွက်လာကြောင်း သိရသည်။
စာတည်း-ကိုဆန်း