By Hsu Yee/MPA
ပဲခူးတိုင်း ၊ ဖြူးမြို့နယ်ရှိ ငလျင်ဒဏ်သင့် ပြည်သူများကို NUGအစိုးရနှင့်ဒေသခံPDFတပ်ဖွဲ့တို့က ငွေလှူဒါန်းခဲ့ကြောင်း သိရသည်။
ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် ဖြူးမြို့နယ်၊နတ်လောင်းရွာမှ အိမ်၃၃လုံး၊ မအူပင်ရွာမှ အိမ်ခြောက်လုံးနှင့် သစ်ချဆိပ်ရွာမှ အိမ်ခြောက်လုံး စုစုပေါင်းနေအိမ် ၄၅ လုံးအတွက် တစ်အိမ်လျှင် ကျပ်ငါးသောင်းနှုန်းဖြင့် ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် အာဠာဝကစစ်ကြောင်းတို့ ပူးပေါင်းလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ထံက သိရသည်။
” လမ်း၊ တံတားအတွက် ဆက်လက်လှူဒါန်းဖို့ လုပ်နေပါတယ်။အခုကူညီပေးသူတွေကတော့ NUG ထောက်ပံ့ငွေ မရရှိသေးသူတွေပါ” ဟု ဖြူးမြို့နယ် ပကဖ တာဝန်ခံက MPA သို့ပြောသည်။
ပဲခူးတိုင်းအတွင်း ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများကို မြို့နယ်လူသားစာနာအဖွဲ့များက စာရင်းကောက်ကာ NUGအစိုးရက အိမ်ထောင်စု၄၁စုအတွက် တစ်စုလျှင် ကျပ်သုံးသိန်းနှုန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
” ငလျင် လှုပ်ပြီး သိတဲ့သူတွေကို စာရင်း အရင်တင်ပါတယ်။နောက်ကျသူတွေကိုက နောက်တိုးအနေ နဲ့ တင်ထားပေးပါတယ်။ လူသားစာနာတို့၊ကူညီကယ်ဆယ်ရေးတို့က စာရင်းကောက်ပြီး တင်ပြကြရတာပါ “ ဟု ၎င်းက ဆက်လက်ပြောသည်။
ဧပြီတစ်ရက်တွင် ဖြူးမြို့နယ်ပကဖ၊ ပအဖ နှင့် အမှတ် ၃၅၀၃တပ်ရင်းမှ ရဲဘော်များ ပူးပေါင်း၍ ငလျင်ဒဏ်ခံ ကျေးရွာများသို့ သွားရောက်ကာ ကျပ်၁၃သိန်း လှူဒါန်းခဲ့သေးကြောင်း ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ထားသည်။
ငလျင်ကြောင့် ဖြူးမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ၏ စိုးမိုးနယ်မြေအတွင်း နေအိမ် ၇၈လုံး နိမ့်ဆင်းပျက်စီးပြီး ဘုန်းကြီးကျောင်း တစ်ကျောင်း ၊ ကျေးရွာချင်းဆက် တံတား သုံးစင်း ၊ ကျေးရွာတွင်း လမ်းများနှင့် ရေဘုံဘိုင်တွင်းများ ပျက်စီးခဲ့ကြောင်း ဖြူးမြို့နယ် ပကဖထံက သိရသည်။
စာတည်း-ML