By Ra Wai / MPA
ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့၊ အိုးဘိုထောင်တွင်းရှိ ဒဏ်ရာရရှိသူများမှာ ဆေးကုသခွင့် ကန့်သတ်ခံထားရကြောင်း သိရသည်။
မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် အိုဘိုအကျဉ်းထောင်အတွင်းက အမျိုးသမီး အဆောင်တစ်၊ နှစ်၊ အမျိုးသမီးဆေးရုံဆောင်နှင့် အမျိုးသားအဆောင်အလုပ်ရုံအပါအဝင် အဆောင်များနှင့် အုတ်ရိုးများပြိုကျခဲ့ပြီး ပြင်းထန်ဒဏ်ရာရသူ ကိုးဦးနှင့် ဆေးရုံတက်ရန်လိုအပ်သူ ၄၀ကျော်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNMက သတင်းထုတ်ပြန်သည်။
” အထူးသဖြင့်တော့ ခြေကျိုး၊ လက်ကျိုး၊ ဦးခေါင်းထိဒဏ်ရာတွေ ရကြတာများတယ်ဗျ။ အဲ့ဒဏ်ရာတွေကလည်း ဆေးဝါးကုသမှုက ထောင်ထဲမှာပဲ ကုသလို့ရတဲ့ ကိစ္စရပ်တွေရှိသလို ထောင်ထဲမှာ ဆရာဝန်အင်အားက နှစ်ဦးကနေ သုံးဦးကြားပဲရှိတဲ့အပေါ်မှာ တကယ့်တကယ်ဖြစ်တဲ့အပေါ်မှာ လုံးဝ ကာဗာလုပ်လို့မရနိုင်တဲ့ အခြေအနေမျိုးဖြစ်တယ်။ တချို့ဒဏ်ရာတွေဟာ ထောင်ထဲမှာ ကုလို့မရတဲ့အတွက် ပြင်ပဆေးရုံတွေမှာ ကုသဖို့လိုအပ်တဲ့ အခြေအနေမျိုးတွေ ဖြစ်ပါတယ်ဗျ” PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက MPA သို့ပြောသည်။
ငလျင်ဒဏ်ကြောင့် အိုးဘိုထောင်တွင် သေဆုံးသူ ၁၂ဦးအထိရှိပြီး ကျား၊မ ခွဲခြားနိုင်သူ သုံးဦးသာရှိသေးကြောင်းသိရသည်။
” သေဆုံးစာရင်းတွေကတော့ ပြောရတာ အတိအကျစာရင်းရဖို့ ခက်ခဲနေတဲ့ အခြေအနေမျိုးဆိုတော့ အနည်းဆုံးလေးဦး အတည်ပြုနိုင်တာလောက်ထိတော့ ပြောနိုင်တယ်။ ကျန်တဲ့ရှစ်ဦးကတော့ အချက်အလက်တွေရရှိရေး ကြိုးစားနေတယ်။ အခုချိန်ထိ မရတဲ့ အခက်အခဲတွေတော့ ကြုံနေရဆဲဖြစ်ပါတယ်” ဟု ၎င်းကဆက်ပြောသည်။
အကျဉ်းထောင်အတွင်း ဆေးဝါးလိုအပ်ချက်များစွာရှိနေပြီး ဒဏ်ရာရရှိသူများမှာ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မရသေးကြောင်းသိရသည်။
စာတည်း-ML