By MPA
အင်အားပြင်းငလျင်ကြောင့် ဘေးသင့်နေရသည့် ပြည်သူများကို စစ်ကောင်စီက လူသားဆန်မှုမရှိကြောင်း မြန်မာနိုင်ငံအတွင်း ငလျင်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့သည့် အိန္ဒိယနိုင်ငံသား စေတနာ့ဝန်ထမ်း Kiran Verma က ၎င်း၏ Facebook လူမှုကွန်ရက် စာမျက်နှာ၌ ရေးသားထားသည်။
စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့သည့် Kiran Verma သည် စစ်ကောင်စီ၏ လုပ်ရပ်များကို မနှစ်သက်သည့်အတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို မလုပ်ဆောင်တော့ဘဲ နေရပ်ပြန်ခဲ့ကြောင်းလည်း ၎င်း၏ ရေးသားထားချက်အရသိရသည်။
“ အပျက်အစီးတွေကြားထဲမှာ မြန်မာပြည်သူတွေကို ထားရစ်ခဲ့ရပြီး ကြေကွဲဝမ်းနည်းမှုများစွာနဲ့အတူ အိန္ဒိယကို ပြန်ရမှာဖြစ်လို့ စိတ်မကောင်းဖြစ်ရပါတယ် ” ဟုလည်း Kiran Verma က ရေးသားထးာသည်။
ငလျင်လှုပ်ခတ်အပြီး မြန်မာနိုင်ငံ၏ ဆိုးရွားသည့် အခြေအနေများကို ကိုယ်တိုင်ဖြတ်သန်းခဲ့ရပြီး စစ်ကောင်စီ၏ သေနတ်များကြောင့် ဘာမှတ်မတတ်နိုင်ဘဲ ထိုင်ကြည့်နေခဲ့ရသည်ဟုလည်း Kiran Verma ကဆိုထားသည်။
တစ်ဖက်ကလဲ မြန်မာပြည်သူ ပြည်သားတို့ရဲ့ ဒုက္ခတွေအခက်အခဲတွေကို မျက်ဝါးထင်ထင် မမြင်ရတော့တာမို့
ထို့ပြင် အဆောက်အအုံပျက်များကြားမှ ထွက်လာသည့် အလောင်းများမှထွက်လာသည့် သေဆုံးသွားသည့် အနံ့သည် ဒီမိုကရေစီ၏ အပုပ်နံ့ဖြစ်ပြီး ဆက်လက်ရှုရှိုက်မရတော့သည့်အတွက် ဝမ်းနည်းရကြောင်းလည်း Kiran Verma ၎င်းကြုံတွေ့ခဲ့ရသည့် အခြေအနေများကို ဖော်ပြထားသည်။
ယင်းအပြင် ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်သည့် စစ်ကိုင်းမြို့သို့ သွားချင်သော်လည်း စစ်ကောင်စီက အကြောင်းအရင်းမရှိဘဲ မန္တလေးမြို့၌ တားမြစ်ခဲ့သည်ကိုလည်း ရှက်စရာလုပ်ရပ်တစ်ခုအဖြစ် ဝေဖန်ထောက်ပြခဲ့သည်။
“ တိုင်းပြည်ရဲ့ အဆိုးရွားဆုံးအချိန်မှာ စစ်တပ်ရဲ့ ကိုယ်ချင်းစာနာစိတ်၊ လူသားဆန်မှု အနည်းငယ်ကို ပြသလိမ့်မယ်လို့ မျှော်လင့်မိပေမဲ့ လူသားဆန်မှု နည်းနည်းမှ မမြင်ခဲ့ရဘူး ” ဟု Kiran Verma က ဆိုသည်။
အာရှ၏ စပါးကျီဟု တင်စားခဲ့ရသည့် မြန်မာနိုင်ငံသည် လက်ရှိ သေနတ်များနှင့် တရားမဝင်ငွေကြေးများဖြင့်သာ လည်ပတ်နေပြီး ပြန်လည်ထူထောင်နိုင်ရန် အင်အားရှိပါစေကြောင်းနှင့် တောက်ပခဲ့သည့် နိုင်ငံဂုဏ်ကိုလည်း မကြာမီအချိန်အတွင်း ပြန်လည်ရရှိစေရန်ကိုလည်း Kiran Verma က ဆိုတောင်းပေးထားသည်။
“ ဒီစာကိုဖတ်နေတဲ့သူတစ်ယောက်ယောက်က ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့ အစီအစဉ်ရှိရင် ငလျင်ဒဏ်အဓိက ခံခဲ့ရတဲ့နေရာတွေဖြစ်တဲ့ စစ်ကိုင်း၊ နေပြည်တော်၊ ပဲခူး၊ မကွေးနဲ့ ရှမ်းပြည်နယ်တွေကို သွားရောက်စေလိုပါတယ်” ဟုလည်း Kiran Verma ကအကြံပြုထားသည်။
မြန်မာနိုင်ငံသည် အကူအညီလိုအပ်နေသည်မှာ မှန်ကန်သော်လည်း တင်းကျပ်စွာ ထိန်းချုပ်ထားသည့် အခြေအနေ၌ မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို မသိရှိသည့်အတွက် အိန္ဒိယသို့ ပြန်သွားရခြင်းဖြစ်ကာ၊ မြန်မာနိုင်ငံအတွက် ဆုတောင်းပေးရန်သာ လုပ်ဆောင်နိုင်တော့ကြောင်း Kiran Verma က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
Kiran Verma သည်အိန္ဒိယနိုင်ငံ၌ Simple Bloodဆိုသည့် စုပေါင်း သွေးလှူအသင်းကို ထူထောင်ထားသည့်အပြင် အခြေခံ လူတန်းစားများအတွက် တန်ဖိုးနည်း စားသောက်ဆိုင်လုပ်ငန်းတစ်ခုကိုလည်း ဦးဆောင်ဖွင့်လှစ်ပေးထားသူလည်းဖြစ်သည်။
Photo-Kiran Verma Facebook