By MPA
အက်ဒမန်ပင်လယ်၌ အင်အားရစ်ချ်တာစကေး ၅ဒဿမ၁ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်လှုပ်ခတ်ခဲ့ပြီး အဆိုပါငလျင်လှုပ်ခတ်မှုကို ရန်ကုန်မြို့၌ ခံစားခဲ့ရပြီး မြို့ခံများ စိုးရိမ်မှုဖြစ်ပေါ်နေကြောင်း သိရသည်။
အဆိုပါငလျင်သည် ဧပြီ နှစ်ရက် ည ၁၁နာရီ၊ တစ်မိနစ်ခန့်က လှုပ်ခတ်ခဲ့ခြင်းလည်းဖြစ်သည်။
“ အက်ဒမန် ပင်လယ်ဘက်မှာ လှုပ်သွားတာ၊ ရန်ကုန်မြို့တောင်ဘက်လို့ပြောရမယ်။ ပြင်းအားက ၅ဒဿမ၁ရှိတယ်။ စစ်ကိုင်းပြတ်ရွေ့နဲ့တော့ သက်ဆိုင်မှုသိပ်မရှိဘူး။ extension zone ကနေ လှုပ်တဲ့သဘောတော့ရှိတာပေါ့” ဟု မိုးလေဝသပညာရှင် ဒေါက်တာမျိုးသန့်ကပြောသည်။
ထိုကဲ့သို့ ငလျင်လှုပ်ခတ်ခဲ့မှုကို ရန်ကုန်မြို့ခံအားလုံး သိရှိခဲ့ခြင်းမရှိဘဲ အထပ်မြင့်တိုက်များ၌ နေထိုင်သူများသာ ခံစားခဲ့ရခြင်းလည်းဖြစ်သည်။
“ လှုပ်တာကတော့ ဆယ်စက္ကန့်လောက်ပဲကြာတယ်။ ၂၈ရက်နေ့က လှုပ်တဲ့ ငလျင်လိုလဲမပြင်းဘူး။ အချို့ဆို သိတောင်မသိလိုက်ဘူး။ ငလျင်အန္တရာယ်ကို အမြဲသတိထားနေရတယ် ” ဟု ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင် နေထိုင်သည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ယခုကဲ့သို့ ပင်လယ်ပြင်၌ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြည်သူအချို့သည် ဆူနာမီဖြစ်ပေါ်လာနိုင်သည်ဟု စိုးရိမ်မှုများလည်းရှိနေသည်။
ပင်လယ်ပြင်၌ ငလျင်လှုပ်ခတ်တိုင်း ဆူနာမီဖြစ်ပေါ်ခြင်းမဟုတ်ဘဲ အင်အားရစ်ချ်တာစကေး ၆အထက်ရှိသည့် ငလျင်လှုပ်ခတ်မှသာ ဖြစ်ပွားခြင်းကြောင်း ငလျင်ပညာရှင်များက ပြောကြားထားသည်