By Ra Wai / MPA
စစ်ကောင်စီသည် ငလျင်ဘေးဒဏ်ကို စီမံခန့်ခွဲနိုင်သည့် အရည်အချင်းမရှိသလို ကိုင်တွယ် ဖြေရှင်းလိုသော စိတ်စေတနာလည်း လုံးဝမရှိကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။
စစ်ကောင်စီအနေနှင့် ပြည်သူတို့၏ဒုက္ခကို ကူညီဖေးမရေးထက် အာဏာ ဆက်လက်ထိန်းသိမ်းနိုင်ရေးကိုသာ ဆောင်ရွက်နေကြောင်း အားလုံး မြင်တွေ့ပြီး ဖြစ်သည်ဟု ဧပြီတစ်ရက်က ကျင်းပသည့် NUGအစိုးရအဖွဲ့အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်က ပြော သည်။
“ အထူးသဖြင့် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ထိုးစစ်အားလုံးကို နှစ်ပတ်ကြာ ရပ်တန့်ထားပေမယ့် သူတို့ဟာ ဒီငလျင်ဘေးအန္တရာယ်ကာလအတွင်းမှာတောင် လေယာဉ်နဲ့ ဗုံးကြဲခြင်းတွေကို ဆက်တိုက် လုပ်ဆောင်နေပါတယ်။ ဒါဟာ သူတို့ရဲ့ရက်စက်ယုတ်မာမှုကို ပိုပြီး ထင်ရှားစေတဲ့ အပြင် နိုင်ငံတကာအသိုင်းအဝိုင်းမှာလည်း စက်ဆုပ်ရွံရှာစရာကောင်းတဲ့လုပ်ရပ်အဖြစ် ပေါ်လွင်စေပါတယ်” ဟု ၎င်းက ပြောသည်။
ငလျင်ဒဏ်သင့်ပြည်သူများကို ကူညီကြသော နိုင်ငံများနှင့်အဖွဲ့အစည်းများကို အထူးကျေးဇူးတင် ကြောင်းနှင့် နိုင်ငံတကာအထောက်အပံ့များသည် အောက်ခြေပြည်သူလူထုဆီသို့ အဖိတ်အစင်မရှိဘဲ၊ ပြည့်ပြည့်ဝဝ တိုက်ရိုက် ရောက်ရှိနိုင်စေရန်လည်း အထူး မျှော်လင့်ကြောင်း NUGယာယီသမ္မတ ဒူဝါလရှီးလ ကပြောသည်။
ပြည်ထောင်စုဝန်ကြီးချုပ်ကလည်း “ပြည်တွင်းပြည်ပ အဖွဲ့အစည်းများအနေနဲ့ တကယ်ဘေးအန္တ ရာယ် ကြုံတွေ့နေရတဲ့ဒေသတွေကို ကိုယ်တိုင်ကိုယ်ကျသွားရောက် ကူညီပံ့ပိုးတာမျိုးနဲ့ သမာသမတ် ကျပြီး ထိရောက်တဲ့ ပံ့ပိုးမှုတွေ လုပ်ဆောင်နိုင်တဲ့အဖွဲ့တွေက တစ်ဆင့် ပံ့ပိုးကူညီမှုတွေ ပြုလုပ်မှသာ ထိရောက် အကျိုးရှိမှာဖြစ်ပါတယ်”ဟု ဆိုသည်။
လတ်တလောတွင် ငလျင်ဒဏ်သင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အလျင်အမြန် ရောက်ရှိကူညီပေးနေသော ကျွမ်းကျင်ပညာရှင်များနှင့် နိုင်ငံတကာ နိုင်ငံကြီးများကို NUGအစိုးရက အထူးကျေးဇူးတင်ကြောင်းလည်း ယာယီသမ္မတက ပြောသည်။
စာတည်း-ML