By Bala / MPA
ငလျင်နောက်ဆက်တွဲကြောင့် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ဖက်ခြမ်းရှိ နန်းစံဖူးချောင်း ရေများ အသုံးပြု၍မရတော့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။
ပြီးခဲ့သည့် မတ်လ ၂၈ရက်နေ့ကစပြီး နန်းစံဖူးချောင်းရှိ ရေထွက်ပေါက်မှ ရေထွက်ရှိမှု သိသိသာသာလျော့နည်းကာ ရေများ ရွှံ့ရေအဖြစ်သို့ပြောင်းလဲခဲ့ကြောင်း ဒီးမော့ဆိုမြို့နယ် လေးမိုင်အနီးနေ ဒေသခံတစ်ဦးက ပြောသည်။
“နန်းစံဖူးမှာက အရင်ကဆို ရေချိုးတာတို့၊ အဝတ်လျော်တာတို့လုပ်ကြတာပေါ့၊ ရေကလည်းများတယ်။ ကြည်လဲကြည်တယ်လေ။ ငလျင်အကြီးစလှုပ်ပြီးတဲ့နောက်မှာ ရေက မရှိသလောက်ကို ကျသွားတာ၊ ရေတွေလဲနောက်ကုန်လို့ ဘယ်သူမှမချိုးရတော့တာပေါ့”ဟု ၎င်းက ပြောသည်။
ကရင်နီပြည်နယ်ရှိ ဒီးမော့ဆိုမြို့နယ်၊ အနောက်ခြမ်းသည် ဟိုးယခင်ကတည်းက ရေရှားပါးသည့် ဒေသဖြစ်ပြီး ရေတစ်စည်လျှင် မြန်မာငွေကျပ် ကျပ် ၁၆၀၀၀အထိ ပေးဝယ်နေရသည့်အတွက် နန်းစံဖူးချောင်းသည် ဒေသခံများအားထားရာ ချောင်းတစ်ခုဖြစ်ကြောင်း ကြက်ဖတောင်အနီးနေ စစ်ရှောင်နေသူတစ်ဦးက ပြောသည်။
“ဒီနေ့အထိကို ရေမကြည်သေးတာပေါ့၊ ရေနောက်နေတာက ခြောက်ရက်လောက်ရှိနေပြီ၊ ဒီမှာကအရင်ကဆိုရေပေါတော့ ရေဖိုးချွေတာလို့ရတာပေါ့။ အခုလဲ ရေမဝယ်နိုင်တဲ့သူတွေက ရေလာခပ်ကြပါသေးတယ်။ တစ်ညတော့ သိပ်ရတာပေါ့၊ ရွှံ့တွေအနည်ထိုင်သွားမှ ချိုးရေနဲ့ အိမ်သာရေသုံးကြတာပေါ့၊ ရေလာချိူးတဲ့သူတော့ မရှိတော့ဘူး။ ရေကလဲတိမ်၊ သန့်လဲမသန့်တော့လို့လေ”ဟု ၎င်းက ပြောသည်။

ပုံစာ – ငလျင်လှုပ်ခတ်မှုပြီး နန်းစံဖူးချောင်းရေနည်းပါးသွားကာ ရေများရွှံ့ရေအဖြစ်သို့ပြောင်းသွားပုံအားတွေ့ရစဉ်။

ဒီးမော့ဆိုမြို့နယ်၊ အနောက်ခြမ်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် မြေသားပြောင်းလဲမှုများ၊ ရေပြောင်းလဲမှုများနှင့် ရေမထွက်သည့် နေရာများတွင်လည်း ရေထွက်ပေါ်မှုများရှိလာခဲ့ကြောင်း ဒေါတဝီရွာသားတစ်ဦးက ပြောသည်။
“အခုက နန်းစံဖူးမှာ ရေသိပ်မထွက်တော့ဘူး။ ဒါပေမဲ့ ဒေါတဝီရွာနားက တောင်ပေါ်တစ််ခုမှာ ရေတွေထွက်လာတာတွေ့ရတယ်။ ရေက စထွက်ထွက်ချင်းနောက်ပေမဲ့ ရေကကြည်တယ်။ အဲ့ဒီနေရာက နွေဆို ရေတစ်ခါမှမထွက်ဖူးဘူး။ကျတော့်အသက် ၄၇နှစ်ရှိပြီ အခုမှ အဲ့ဒီနေရာမှာ နွေရာသီကြီးရေထွက်တာမြင်ဖူးတာ၊ ကျတော့်အမေတွေလည်း အခုမှ ကြုံဖူးတာမို့ အဲ့ဒီရေကို မသုံးရဲကြဘူး။ သွားခပ်တဲ့သူနည်းနည်းတော့ရှိတယ်”ဟု ၎င်းက ပြောသည်။
လက်ရှိငလျင်လှုပ်ခတ်မှုများကြောင့် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းအတွင်း ချောင်းရေရုတ်တရက်လျော့ကျမှုများနှင့် မြေတွင်းပြိုကျမှုများအား ထူးခြားဖြစ်စဉ်သဖွယ်ခံစားနေရသဖြင့် ဒေသခံများစွာ စိုးရိမ်ပူပန်နေကြကြောင်း MPAကစုံစမ်းသိရှိရသည်။