By Mg Dagon / MPA
ငလျင်ကြီးလှုပ်ခတ်ခဲ့သည့် မတ် ၂၈ ရက်နေ့မှ ယနေ့ ဧပြီ နှစ်ရက်နေ့အထိ ခြောက်ရက်ဆက် လျှပ်စစ်မီးပြတ်တောက်နေသည့် ရှမ်းပြည်နယ်(တောင်ပိုင်း)မြို့တော် တောင်ကြီးတွင် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေကြောင်း မြို့ခံများထံမှ သိရသည်။
ယင်းမြို့တွင် ငလျင်မလှုပ်ခပ်မီ မတ်လ ၂၈ ရက် မနက်အစောပိုင်းကတည်းက လျှပ်စစ်မီးပြတ်တောက်နေခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“သုံးရက်ပြတ်မယ်လို့ ကြားရာကနေ ဒီနေ့အထိ မလာသေးတာ။ အခု အခက်အခဲကတော့ ရေအခက်အခဲပဲရှိပါတယ်။ ရေဈေးတွေတက်နေတယ်” ဟု တောင်ကြီးမြို့ခံ အသက် ၃၆ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။
ယခုလျှပ်စစ်မီးပြတ်တောက်မှုမှာ ၁၀ ရက်ခန့်ကြာမြင့်မည်ဟု သတင်းများထွက်ပေါ်နေပြီး ယခင်ကတည်းက ရေအခက်အခဲရှိသည့် တောင်ပေါ်ဒေသ တောင်ကြီးမြို့တွင် ရေအလုံအလောက်မရသည့် ပြဿနာတက်နေသည်ဟု မြို့ခံများက ပြောသည်။
“မီးစက်နဲ့တင်မယ်ဆိုရင် တစ်မိနစ်ကို ၈၀၀ လောက်ပေးရတယ်။ ဆယ်မိနစ်ဆို ၈၀၀၀ ပေးရတာပေါ့။ ကျွန်မတို့အိမ်ဆို သုံးသောင်းခွဲမှ ကန်ပြည့်တယ်။ မီးပြန်လာရင်တောင် ရေဖိုးဈေးတက်မယ့်သဘောမှာရှိတယ်” ဟု အသက် ၃၅ နှစ်အရွယ်ရှိ နောက်ထပ် တောင်ကြီးမြို့ခံအမျိုးသမီးက ပြောသည်။
ထို့ပြင် ရေစည်ကားဖြင့် ရောင်းချသူများမှာ ပုံမှန်ဝယ်ယူနေသူများကိုသာ ဦးစားပေးရောင်းချပေးနေသကဲ့သို့ ဈေးနှုန်းမှာလည်း ဝယ်သူအလိုက် ကွာခြားမှုများရှိနေသည်ဟု သိရသည်။
ယခင် ငလျင်မလှုပ်ခင်က ရေကားတစ်စီးလျှင် ၁၈,၀၀၀ ကျပ်မှ ယခုအခါ ပုံမှန်ဝယ်ယူနေသူများဆိုပါက ရေကားတစ်စီးလျှင် ၂၃,၀၀၀ ကျပ်နှင့် ပုံမှန်မဝယ်သူများကိုမူ ၄၅,၀၀၀ ကျပ်ဈေးရှိကြောင်း ရေဝယ်ယူသုံးစွဲနေရသူများက ပြောသည်။
“ကျွန်မတို့အိမ်ဆို ရေကားကမလာဘူး။ ပိုက်နဲ့ဝယ်သုံးတာမလို့ ရေကားက မထည့်ပေးဘူး။ အခုက ရေကားကို ထည့်နေကျအိမ်ပဲ လိုက်ထည့်ပေးတယ်။ ပိုက်ဆံပိုပေးလည်း မထည့်ပေးဘူး။ မရဘူးချည်းပဲငြင်းတယ်” ဟု တောင်ကြီးမြို့တွင်နေထိုင်သူ နောက်ထပ်အမျိုးသမီးတစ်ဦးက ပြောသည်။
သို့သော် လက်ရှိအချိန်ထိ တောင်ကြီးတွင် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးဈေးနှုန်းအပါအဝင် စက်သုံးဆီနှင့် မီးစက်ဈေးနှုန်းများ မြှင့်တင်ရောင်းချမှုမျိုးမရှိသေးသည့်အတွက် ဈေးမတက်သေးကြောင်း သိရသည်။
“တောင်ကြီးမှာက ရေမရတာ တစ်ခုပဲ။ ကျန်တာ အဆင်ပြေတယ်။ ဒုက္ခရောက်တာက အင်း(အင်းလေး)ထဲပဲ” ဟု အသက် ၆၀ ကျော်အရွယ်ရှိ မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
လတ်တလော တောင်ကြီးမြို့ခံအချို့က ရေတင်ရန် မီးစက်ကြီးများ အိမ်တိုင်ရာရောက် အကူအညီပေးမှုများရှိသကဲ့သို့ ဖုန်းအား၊ အားသွင်းမီးသီး၊ ဓာတ်မီးနှင့် ထမင်း/ဟင်းချက်ပြုတ်နိုင်ရန်တို့အတွက်လည်း အကူအညီပေးနေသူများရှိနေကြောင်း သိရသည်။
တောင်ကြီးမြို့ လျှပ်စစ်မီးရရှိရေးနှင့်ပတ်သက်၍ မြို့လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “သာစည်ဓာတ်အားခွဲရုံ ပြင်ဆင်မှုမပြီးပြတ်သေးသော်လည်း ကျောက်ဆည်-အင်းကုန်းမှတစ်ဆင့် ဓာတ်အားပြန်လည်ချိတ်ဆက်ပေးနိုင်ရေးကြိုးပမ်းချက်ကြောင့် ကလောအောက် ရေပေါင်းဆုံးဓာတ်အားခွဲရုံသို့ ဓာတ်အားရောက်ရှိပါပြီဖြစ်၍ မကြာမီ ကလော-တောင်ကြီး အဆင့်ဆင့် ဓာတ်အားချိတ်ဆက်နိုင်ရေး ကြိုးပမ်းနေကြောင်း ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် ယနေ့ ဧပြီလ ၁ ရက်နေ့တွင် အသိပေးထားသည်။
မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်တွင် လှုပ်ခတ်ခဲ့သည့် အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ပြင်းထန်သည့်ငလျင်ဒဏ်ကို တောင်ကြီးမြို့တွင် အပြင်းအထန်မခံစားခဲ့ရသော်လည်း မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်းရှိ ကျေးရွာများတွင် ဆိုးရွားစွာခံစားခဲ့ရသည်။
ထို့ကြောင့် မတ်လ ၂၈ ရက်မှ ၃၁ ရက်နေ့အထိ သေဆုံးသူ ၂၃၉၅ ဦးအထိ မြင့်တက်လာပြီး ငလျင်ဒဏ်ခံစားရသူ ၈ ဒသမ ၅၆ သန်းကျော်အထိရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က ယနေ့ ဧပြီ ၁ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။