By Myo Thiha / MPA
မန္တလေးတိုင်း၊ အမရပူရမြိုန့ယ်၊ တောင်မြို့ရပ်ကွက်၊ ဗုံးအိုကျေးရွာတွင် မတ် ၂၈ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် နှစ်ပေါင်းနှစ်ရာခန့်ရှိ ဟာဂျီလင်း ဗလီ၌ ဝတ်ပြုစုတောင်းနေသူ ၆၀ ခန့်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ဗုံးအိုကျေးရွာတွင် ဗလီလေးလုံးရှိပြီး ဟာဂျီလင်း ဗလီသည် ရှေးဟောင်းအမွေအနှစ် အဆောက်အအုံတစ်ခုဖြစ်ကာ ငလျင်ကြောင့် လုံး၀ ပြိုကျခဲ့ခြင်းလည်းဖြစ်သည်။
“ နှစ်ရက်ခွဲထုတ်ရတယ်။ ပထမတစ်ရက်မှာ ၃၀၊ ဒုတိယရက်မှာ ၃၀ လောက်ထုတ်ရတယ် ” ဟု ဗလီအနီးတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့ပြင် ကယ်ဆယ်ရေးစက်ပစ္စည်းမလုံလောက်မှု၊ ကယ်ဆယ်ရေး ကျွမ်းကျင်သူများမရှိခြင်းကြောင့် ရပ်ကွက်အတွင်းရှိ လူငယ်များကသာ သေဆုံးသူများ၏ အလောင်းများအား ထုတ်ယူနေရကြောင်း ဒေသခံများထံမှ သိရသည်။
“ ရပ်ကွက်ထဲက လူငယ်တွေနဲ့ ၀ိုင်းဖွဲ့ပြီးမှ အလောင်းတွေထုတ်ယူလိုက်ရတယ်။ မနေ့ကမှ ဗလီထဲက ထုတ်လို့ရတဲ့ အလောင်းတွေကို သင်္ဂြိုဟ်လိုက်ရတယ် ” ဟု ၎င်းက ထပ်မံပြောသည်။
ကယ်ဆယ်ရေးအသုံးပြုသည့်ပစ္စည်းများမလုံလောက်မှု ၊ လူအင်အားမရှိ ၊ ရှိတဲ့ရပ်ရွာလူငယ်လေးတွေနဲ့ ဝိုင်းဖွဲ့ပြီး မှ အလောင်းတွေထုတ်ယူရတယ် ၊ မနေ့ကမှသဂြိုလ်လိုက်ရတယ် “ ဟု ၎င်းကထပ်မံပြောကြားသည်။
“ အရှေ့ဘက်က ဗလီတွေမှာလည်း ပြိုကျတာတွေ သေဆုံးတာတွေရှိတယ်။ အကိုတို့လည်း ကိုယ့်အိမ်ကိုပစ်ပြီးသွားမကြည့်နိုင်တော့ သေဆုံးသူ အရေအတွက် အတိအကျပြောဖို့ခက်ခဲတယ်” ဟု ဟာဂျီလင်းဗလီအနီးတွင် ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။
ဟာဂျီလင်း ဗလီပြိုကျမှုအတွင်း သေဆုံးခဲ့သူများ၌ လူငယ်များပါဝင်သလို ဝတ်ပြုဆုတောင်းသူများလည်း ပါဝင်ကြောင်း ဗလီအနီးနေထိုင်သူ နောက်တစ်ဦးက ပြောသည်။
လက်ရှိ ဗုံးအိုကျေးရွာဒေသခံများသည် ငလျင်ထပ်မံလှုပ်ခတ်မည်ကို ကြောက်ရွံ့သဖြင့် ရွာအတွင်းရှိ ဘောလုံးကွင်း၌ ယာယီရွှေ့ပြောင်းနေထိုင်သူများရှိသကဲ့သို့ မိမိအိမ်ရှေ့၌ နေထိုင်သူများလည်းရှိသည်။
ငလျင်ဒဏ်ကို ခံစားခဲ့ရသည့် မြို့နယ်များ၌ အမရပူရမြို့လည်းအပါအဝင်ဖြစ်ပြီး လက်ရှိ သောက်ရေ၊ အစားအသောက်နှင့် ဆေးဝါးလိုအပ်မှုများရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
စာတည်း-ကိုဆန်း