By Crystal/MPA
လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ကာ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်သည့်အတွက် ငလျင်ဒဏ်သင့် ပြည်သူများ နေထိုင်ရေး အခက်အခဲကြီးမားစွာဖြစ်ပေါ်နိုင်ခြင်းကြောင့် မိုးကာနှင့် ရွက်ဖျင်တဲကြီးများကို ကယ်ဆယ်ရေးစခန်းများ၌ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း မိုးလေဝသစောင့်ကြည့် လေ့လာသူ ဦးဝင်းနိုင်က ပြောသည်။
ECMWF Cyclone Genesis Chart ၏ ဖေါ်ပြချက်အရ ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်၌ လာမည့် ဧပြီလ သုံးရက်နေ့မှ စတင်၍ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ပြီး မုန်တိုင်းအဆင့်သို့ ရောက်ရှိနိုင်ခြေ ၄၀ရာခိုင်နှုန်း ရှိနေကြောင်း၊ ဧပြီ လေးရက်နှင့် ငါးရက်နေ့များတွင် မုန်တိုင်းအဆင့်သို့ ရောက်ရှိနိုင်ခြေ ၆၀ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ဖော်ပြထားသည်။
” ဧပြီ ၁၅ ရက်နေ့မတိုင်ခင်ဖြစ်လာမဲ့ လေဖိအားနည်းရပ်ဝန်းတို့၊ မုန်တိုင်းတို့ ဒါတွေ ဖြစ်လာပြီဆိုရင် ဒါတွေက ဖြစ်နေကြ ပုံမှန် မဟုတ်ပါဘူး။ ရွာတဲ့မိုးကလည်း အချိန်အခါမဟုတ် ရွာတဲ့ မိုးလို့ နံမည်တပ်ရအုန်းမှာပါ။ မနှစ်ကတော့ ဧပြီလက နှစ်စဉ်ရွာသွန်းမြဲထက် လျော့ပါတယ်။ အခု ဒီနှစ် လာနီညာ ပျော့ပျော့ဖြစ်နေတဲ့ နှစ်မှာတော့ ဧပြီလရဲ့ မိုးရေချိန်က များနိုင်ပါတယ်။ သို့သော် မိုးကြိုကာလအတွင်းကို မရောက်သေးတဲ့အတွက် ရွာနိုင်ခြေ ၅၀/ ၆၀ ရာခိုင်နှုန်းလောက်ပဲ သေချာမှုရှိပါတယ်။ ဧပြီ ၁၆ ရက်ကနေ မေ ၁၅ ရက်နေ့အထိက မိုးအကြိုရာသီလို့ ခေါ်ပါတယ် ” ဟု မိုးလေဝသစောင့်ကြည့် လေ့လာသူ ဦးဝင်းနိုင်က MPA ကို ပြောသည်။
လက်ရှိ အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့ပါက မြေငလျင်ကြောင့် အသက်အိုးအိမ် ထိခိုက်ဆုံးရှုံးခဲ့ရသည့် ပြည်သူများသာမက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် အခက်အခဲဖြစ်ပေါ်နိုင်ကြောင်း မြေငလျင်ပညာရှင် ဒေါက်တာမျိုးသန့်က ပြောသည်။

” မိုးရွာသွန်းမှုတွေ ဖြစ်လာမယ်ဆိုရင် ပထမဆုံး ငလျင်လှုပ်ပြီးသွားပြီမို့လို့ ပြိုကျပျက်စီးနေတဲ့ အဆောက်အဦးတွေကို ကျတော်တို့ ရာခိုင်နှုန်းတော်တော်များများရှင်းလင်းပြီးသွားရင်တော့ တမျိုးပေါ့။ ရှင်းလင်းထားနိုင်ခြင်းလည်း မရှိသေးဘူး။ အဆောက်အအုံတွေအောက်မှာ ပိမိနေတဲ့သူတွေကို ကယ်ထုတ်နိုင်ခြင်းမရှိသေးဘူးဆိုရင် ပြသာနာကြီးပါတယ်။ နောက်တစ်ခုက ငလျင်ကြောင့် တချို့သော အဆောက်အဦးတွေက ရာခိုင်နှုန်းတော်တော်များများ ပျက်စီးနေခဲ့ရင် အခုမိုးရွာသွန်းမှုကြောင့် အဲ့ဒီအဆောက်အဦးတွေဟာ ပိုပြီး ပြိုကျပျက်စီးနိုင်ဖို့ တွန်းအားဖြစ်စေနိုင်ပါတယ်။ ” ဟု ဒေါက်တာမျိုးသန့်က ပြောသည်။
ထို့ပြင် မိုးရွာသွန်းမှုဖြစ်ပွားပါက ငလျင်ကြောင့် မငြိမ်မသက်ဖြစ်နေသည့် တောင်စောင်းများ ပြိုကျမှုဖြစ်ပေါ်နိုင်သည့်အပြင် မြေပြိုမှုများလည်း ဖြစ်ပေါ်နိုင်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
ထို့အပြင် ငလျင်လှုပ်ခတ်ထားသည့် အခြေအနေကြောင့် မြေကြီး ပပ်ကြားအက်များ ဖြစ်ပေါ်နေပြီး မိုးရွာသွန်းခဲ့ပါက မြေတွင်းအောင်း အဆိပ်ရှိသည့် သတ္တဝါ အများအပြား ကုန်းပေါ်ပိုမိုတက်လာနိုင်ခြေရှိကြောင်းလည်း သိရသည်။
” ညနေ(ဧပြီ တစ်ရက်)ကတော့ မိုးအုံ့သလိုရှိတယ် မိုးရွာမယ်လဲ ပြောထားတယ်။ ငလျင်က တချက်ချက်တော့ လှုပ်နေတုန်းဆိုပေမဲ့ ကျမတို့ကတော့ အိမ်ထဲမှာဘဲ၊ အိမ်က အုတ်တံတိုင်း နံရံ နည်းနည်းအက်တာရယ်၊ ကားခန်းကအုတ်တွေက အပြင်ဘက်ပြိုသွားတာလောက်ပဲဆိုတော့လေ၊ သတိနဲ့တော့ နေနေရတာပေါ့။ အရမ်းလှုပ်လာရင်တော့ အပြင်ထွက်ဖို့ ပြင်ထားတယ် ” ဟု မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ဆိုသည်။
ငလျင်စတင်လှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ ရက်နေ့မှစ၍ ယနေ့ အချိန်အထိ နောက်ဆက်တွဲငလျင်များ လှုပ်ခတ်နေခြင်းကြောင့် မန္တလေးမြို့ရှိ ပြည်သူအများအပြားသည် တိုက်များနှင့် ကင်းလွတ်ရာ လမ်းမပေါ်၊ မြေကွက်လပ်နှင့် ကွင်းပြင်များတွင်ထွက်၍ နေထိုင်နေရဆဲဖြစ်သည့်အတွက် မိုးရွာခဲ့ပါက နေထိုင်မှု ဒုက္ခအခက်အခဲ ပိုမိုဖြစ်ပေါ်စေနိုင်မည်ဖြစ်သည်။
ယမန်နေ့ (ဧပြီ တစ်ရက်) ညနေ ငါးနာရီ ၊ ၃၁မိနစ်က မန္တလေးမြေငလျင်စခန်း၊ အနောက်တောင်ဘက် ၁၈မိုင်ခန့်အကွာ၊ တံတားဦးမြို့၏ အရှေ့တောင်ဘက် သုံးမိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၄ဒသမ၇အဆင့်ရှိ မြေငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။