By Bala / MPA
ငလျင်လှုပ်ခတ်ပြီးနောက် ကရင်နီပြည်နယ်၊၊ ဒီးမော့ဆိုအနောက်ခြမ်းတွင် ပေ၁၂၀ကျော်အကျယ်ရှိ တွင်းနက်ကြီးတစ်ခုထွက်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
ပြီးခဲ့သည့် မတ် ၂၉ရက်နေ့မှစတင်ကာ အချင်း ၂၅ပေခန့်နှင့် အနက်ပေ ၁၃ပေခန့်ရှိ ကျင်းငယ်တစ်ခုပေါ်ပေါက်လာခဲ့ပြီး တဖြေးဖြေးမြေများပြိုကျကာ စက်ဝိုင်းပုံသဏ္ဍာန်တွင်းနက်အသွင်ပြောင်းလာခဲ့ကြောင်း ယင်းနေရာအနီးနေ ပြည်သူတစ်ဦးက ပြောသည်။
“စတွေ့တုန်းက ကျင်းကသေးသေးလေး၊ ပြီးတော့မြေက တဖြည်းဖြည်းခြင်းပြိုလာတာ၊ စတွေ့တုန်းက စက်ဝိုင်းပုံတော့မဟုတ်ဘူး။ အက်ကြောင်းပုံစံအရှည်လေးပေါ့၊ ပြီးမှ အလယ်ကနေမြေကပြိုပြိုလာပြီး အဝိုင်းပုံဖြစ်လာတာ”ဟု ၎င်းက ပြောသည်။
အထက်ပါ မြေတွင်းနက်ကြီးသည် ယနေ့ဧပြီ တစ်ရက်နေ့ရောက်သည်အထိ လေးရက်ကြာဆက်လက်ပြိုကျနေဆဲဖြစ်ပြီး ဘေးဘက်သို့ တဖြည်းဖြည်းကျယ်ပြန့်လာကာ ပတ်ဝန်းကျင်ရှိ မြေသားများအက်ကွဲပြိုကျလျက်ရှိကြောင်း ယနေ့ သွားရောက်ကြည့်ရှုခဲ့သူတစ်ဦးက ပြောသည်။
“အခုထိတော့ ပြိုနေတုန်းပဲ၊ ဘေးကမြေသားတွေအက်အက်ပြီး အောက်ကိုပြိုကျနေတာ၊ အခုအနက်က ခန့်မှန်း ၃၆ပေလောက်ရှိမယ်ထင်တယ်။ အကျယ်ကတော့ ပေ၁၂၀ကျော်မယ်ထင်တယ်”ဟု ၎င်းက ပြောသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မြေငလျင်ပညာရှင် ဒေါက်တာမျိုးသန့်အား MPAမှ မေးမြန်းရာ ဒေသအလိုက် အောက်ခံကျောက် အမျိုးအစားပေါ်မူတည်၍ တွင်းနက်များဖြစ်ပေါ်တတ်သလို ငလျင်လှုပ်ခတ်မှုကြောင့်လည်း တွင်းနက်များနှင့် မြေပြိုတွင်းများဖြစ်ပေါ်တတ်ကြောင်း ပြောသည်။
“ငလျင်ကြောင့်ဖြစ်တယ်ဆိုရင်တော့ နှစ်မျိုးဖြစ်နိုင်တာပေါ့၊ ပထမတစ်ခုက ဘာလဲဆိုတော့ငလျင်လှုပ်လိုက်
တဲ့ အတွက်ကြောင့်မို့ အားသက်ရောက်တယ်။ အဲ့ဒီလိုအားသက်ရောက်လို့ အခံကျောက်သားဖြစ်တဲ့ ထုံးကျောက်တို့၊ဂျစ်ဆန်တို့က ရုတ်တရက်ကျိုးပျက် ကြေမွပြီးကျွံဝင်သွားတယ်ဆိုလို့ရှိရင် အပေါ်ကမြေဆီလွှာက အခုလိုမျိုးပြိုသွားတာပေါ့၊ နောက်တစ်ခုက ငလျင်လှုပ်လို့ အောက်ကမြေအောက်ရေ ရုတ်တရက် နိမ့်ကျသွားလို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် မြေအောက်ရေရုတ်တရက်အပြောင်းအလဲဖြစ်လို့ပဲဖြစ်ဖြစ် အောက်ခံကျောက်တွေကို ရေက ဖျော်စားပြီး အပေါ်ကမြေလွှာပြိုသွားတာပေါ့၊ နှစ်ခုပါပဲ၊ ငလျင်ကလှုပ်လိုက်တဲ့တွန်းအား(force)ကြောင့် ပျက်စီးတာနဲ့ ground water level ကြောင့် pole water pressure changesကြောင့်ပေါ့လေ ကျွံပြီးတော့ မြေပြိုတာပါပဲ”ဟု ၎င်းက ပြောသည်။







မြန်မာနိုင်ငံတွင် တစ်ခါတစ်ရံ လမ်းမများပေါ်၌ တွင်းနက်ကြီးများ ဖြစ်ပေါ်လာသည်ကို တွေ့ရတတ်ပြီး ထုံးကျောက်နှင့် ဂျစ်ဆန်(Gypsum) ကဲ့သို့ အောက်ခံကျောက်မျိုးရှိရာအရပ်များတွင် မြေအောက်ရေဖြင့် ဓာတ်ပြုခြင်း သို့မဟုတ် အောက်ခံကျောက်ရှိ အခေါင်းပေါက်များထဲသို့ ရေများဝင်ရောက်ကာ ဖျော်စားတတ်ခြင်းကြောင့် မြေကျွံခြင်းနှင့် တွင်းနက်ကြီးများ ဖြစ်ပေါ်လေ့ရှိသည့် ဒေါက်တာမျိုးသန့်က ဆက်လက်ရှင်းပြသည်။
ဂျစ်ဆန် ဆိုသည်မှာ သဘာဝတွင်းထွက်ပစ္စည်းတမျိုးဖြစ်ပြီး ဓာတ်ခွဲစမ်းသပ်ချက်များအရ ဂျစ်ဆန်(Gypsum)တွင် ကယ်လစီယံဟုခေါ်သည့် ထုံး၊ ဆာလဖာဟု ခေါ်သည့် ကန့်နှင့် ရေမော်လီကျူး နှစ်မျိုးပါရှိပြီး မြေချဥ်၊ မြေငန် နှစ်မျိုးလုံးနှင့် အဆင်ပြေအောင် တွဲဖက်နိုင်သည့် တွင်းထွက်တစ်မျိုးဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဒီးမော့ဆိုအနောက်ခြမ်းရှိ မြေတွင်းနက်ကြီး အနီးအနားရှိ နေထိုင်သူများအနေဖြင့် သတိဖြင့် အဝေးတွင်နေထိုင်ကာ မြေပြိုခြင်းများဆက်လက်ဖြစ်ပွါးပါက ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။