By Hlaing / MPA
စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ရှောင်နေရသည့် ပြည်သူ့အချို့ မြွေကိုက်ခံရမှုကြောင့် သေဆုံးသူ ၁၃ဦးခန့်ရှိလာပြီး မြွေဆိပ်ဖြေဆေးများလည်း လိုအပ်နေကြောင်း ဒေသခံများနှင့် ကူညီကယ်ဆယ်ရေးအသင်းဝင်များထံမှ စုံစမ်း သိရှိရသည်။
ပြီးခဲ့သည့် မတ် ၂၈ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်းမြို့ခံများသည် လမ်းဘေးဝဲယာရှိ သစ်ပင်ကြီးများအောက်၌ နေထိုင်ရပြီး ငလျင်လှုပ်ခတ်မှုနောက်ဆက်တွဲကြောင့် မြွေအန္တရာယ်ကိုလည်း ကြုံတွေ့နေရခြင်းဖြစ်သည်။
“ အိပ်ကြတာက ကွင်းပြင်လိုနေရာမျိုးမှာ အိပ်ကြတယ်။ အဲ့ဒီလို အိပ်ရလို့ မြေဆိုးကိုက်ခံရတဲ့သူတွေများနေပြီ၊ ဆေဝါးမရှိလို့ ကျီးအာသီးရွက်တွေနဲ့ ကျပ်စည်းပေးထားရတယ်။ မတ် ၃၁ရက်ညပိုင်းအထိတော့ ၁၃ဦးထိ ဆုံးသွားတယ်လို့ သိရတယ်။ အဲ့ဒီထက်ပိုများဖို့ပဲရှိတယ် ” ဟု စစ်ကိုင်းမြို့သို့ ရောက်ရှိနေသည့် လူမှုကူညီကယ်ဆယ်ရေးအသင်းဝင် အမျိုးသမီးတစ်ဦးက ယမန်နေ့ည (မတ် ၃၁ရက်)၌ MPA သို့ပြောသည်။
ယနေ့ (ဧပြီ တစ်ရက်)၊ နံနက် ၁၀ နာရီခွဲဝန်းကျင်ခန့်တွင် စစ်ကိုင်းပြည်သူ့ဆေးရုံကြီး၌ ASV မြွေဆိပ်ဖြေဆေး ရရှိနေပြီဖြစ်ကြောင်း All About Snakes – Saw Thanda Aung လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
လက်ရှိတွင် မြွေပွေး၊ မြွေဟောက် ကိုက်ခံရသူဦးရေ ၂၀ ဦးထက်မနည်း ရှိနေပြီး မြွေဆိပ်ဖြေဆေးအပါအဝင် ရာသီဥတုပြောင်းလဲခြင်း၊ အပူရှိန်ပြင်းထန်ခြင်းတို့ကြောင့် ရာသီတုပ်ကွေးများဖြစ်ပွားခြင်း၊ ဝမ်းလျှောဝမ်းပျက်ဖြစ်ပွားနေခြင်းတို့ကြောင့် အခြေခံဆေးဝါးများလည်း လိုအပ်လျက်ရှိနေကြောင်း ကူညီပေးနေသူများက ဆိုသည်။
“ ဆေးဝါးကတော့ မျိုးစုံကို လိုအပ်နေတာပါ၊ ကလေးငယ်တွေအတွက်၊ အဘိုးအဘွားတွေအတွက်၊ မွေးကင်းစလေးတွေဆို ပိုဆိုးတယ်။ လျှပ်စစ်မီးမရတော့ ဓာတ်မှန်လည်း ရိုက်လို့မရဘူး။ ထောင့်ပေါင်းစုံက လိုအပ်ချက်တွေနဲ့ပါ” ဟု စစ်ကိုင်းမြို့ခံတစ်ဦးက ဆိုသည်။
ယခင်ကထဲက မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်သည့် မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့သည် မြွေအန္တရာယ်များပြားပြီး၊ ယခုကဲ့သို့ ငလျင်နောက်ဆက်တွဲကြောင့်လည်း မြွေဆိုးများ ပိုမိုထွက်လာနိုင်သည်ဟု CDM ဆရာဝန်တစ်ဦးက ဆိုသည်။
“ ဒီရာသီက ပူတဲ့ရာသီလည်းဖြစ်၊ ငလျင်လည်းလှုပ်ထားတော့ တွင်းအောင်းသတ္တဝါတွေက ထွက်လာမှာပဲ၊ မြွေအပြင် ကင်းမြီးကောက် အစရှိတဲ့ ကင်းကောင်တွေရဲ့ အန္တရာယ်လည်း ဂရုစိုက်နေရမယ်” ဟု ၄င်းက ဆိုသည်။
ငလျင် နောက်ဆက်တွဲအနေဖြင့် ငလျင်ဒဏ်သင့် ဒေသများ၌ မြေကြီးလှုပ်ရှားမှုများကြောင့် မြေကြီးအောက်တွင် နေထိုင်သည့် မြွေများက မြေမျက်နှာပြင်ပေါ်ကို ရောက်ရှိလာနိုင်သဖြင့် ကယ်ဆယ်ရေးလုပ်နေသူများနှင့် ကွင်းပြင်၊ သစ်ပင်အောက်များ၌ နေထိုင်နေသူများ မြွေအန္တရာယ်ကို သတိထားရန် လိုအပ်ပြီး၊ ပြိုကျသွားသည့် အဆောက် အအုံ အပျက်အစီးများကြား ဝင်ရောက်ရာတွင်လည်း သတိထား၍ ကိုင်တွယ်ရန် အခမဲ့ ပြည်သူ့ဆေးခန်း – FOC Teleclunic က တိုက်တွန်းထားသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်၊ မြန်မာစံတော်ချိန် မွန်းတည့် ၁၂ နာရီ ၅၁ မိနစ်ခန့်တွင် ၇ ဒဿမ ၇ အဆင့်ရှိသည့် အင်အားပြင်ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ရှမ်းပြည်နယ် နှင့် နေပြည်တော်ရှိ အဆောက်အအုံများစွာ ပျက်စီးခဲ့ကာ သေဆုံးသူဦးရေ ၃၀၀၀ ထက်မနည်းရှိကြောင်း သိရသည်။