By Nway / MPA
မန္တလေးတိုင်း၊ အိုးဘိုအကျဉ်းထောင်တွင် ငလျင်ဒဏ်ကြောင့် အဆောင်များပြိုကျခဲ့ပြီး သေဆုံးသူ ၁၂ ဦးရှိကြောင်း PPNM က သတင်းထုတ်ပြန်သည်။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် အိုးဘိုထောင်တွင်းရှိ အမျိုးသားဆောင် အလုပ်ရုံ၊ အမျိုးသမီး အဆောင်တစ်နှင့် အဆောင်နှစ်ပြိုကျကာ ထိခိုက်ဒဏ်ရာရရှိသူလည်း ၁၀ ဦးရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ယနေ့ ( ဧပြီ ၁ ရက် ) သတင်းထုတ်ပြန်သည်။
” အနည်းဆုံး ၁၂ ဦးထိသေဆုံးထားတယ်ဆိုတဲ့ အချက်အလက်တွေ ရရှိထားတယ်။ ဒီနေရာမှာ ကျား၊မခွဲနိုင်တာက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးရှိတယ်။ ကျန်တဲ့သူတွေကို ကျား၊ မအရေအတွက် မခွဲနိုင်သေးတဲ့အခြေအနေဖြစ်ပါတယ် ” ဟု PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက MPA ကိုပြောသည်။
သေဆုံးသူများသည် အကျဉ်းသားများနှင့် ဝန်ထမ်းများဖြစ်သော်လည်း သီးခြားခွဲယူ ကောက်ယူနိုင်ခြင်းမရှိသေးကြောင်းလည်း PPNM က ဆိုသည်။
” ဒီအခြေအနေတွေကိုထောက်ရင် ထောင်တွင်းသေဆုံးမှုအရေအတွက်ကို ( စစ်ကောင်စီက ) အတိအကျမပြောသရွေ့တော့ ဒါဟာ လျှို့ဝှက်ထားတဲ့အခြေအနေဖြစ်နေတယ်။ သေဆုံးမှုတွေကို တရားဝင်မထုတ်ပြန်တာဟာ ကျတော်တို့ သံသယများစွာဖြစ်စေတယ် ” ဟု ကိုသိုက်ထွန်းဦးက ဆက်လက် ပြောသည်။
ငလျင်ကြောင့် သေဆုံးသူ ၂,၃၉၅ ဦးရှိပြီဖြစ်ကြောင်း NUG အစိုးရက ယနေ့ နံနက် ၁၀ နာရီကျော်တွင် သတင်းထုတ်ပြန်ထားသည်။