By Hsu Yee/MPA
တော်လှန်ရေးအင်အားစုများနှင့် နီးစပ်သည့် ငလျင်ဒဏ်သင့် နယ်မြေများသို့ ကူညီကယ်ဆယ်ရေးအဖွဲ့များ မသွားရောက်နိုင်အောင် စစ်ကောင်စီတပ်က တားဆီးပိတ်ပင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။
ယနေ့ (ဧပြီတစ်ရက်) ပြုလုပ်သော ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်းအစီအစဉ်၌ ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ ကူညီကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ စစ်ကောင်စီပို့ဆောင်တဲ့ နေရာတွေတင်မဟုတ်ဘဲ ငလျင်ဒဏ်ခံကြရပြီး အရေးပေါ်ကူညီကယ်ဆယ်ရေးတွေ လိုအပ်နေတဲ့ စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊ပဲခူးတိုင်း၊ရှမ်းပြည်နယ်တောင်ပိုင်းက နေရာဒေသတွေအထိလည်း ရောက်ရှိကူညီနိုင်ကြဖို့ မေတ္တာရပ်ခံလိုသလို အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိကြောင်း ပြောကြားပါရစေ” ဟု၎င်းက ပြောသည်။
NUGအစိုးရအနေနှင့် ငလျင်လှုပ်ပြီးပြီးချင်းမှာပင် မိမိတို့ စိုးမိုးထိန်းချုပ်ရာနယ်မြေအတွင်းရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူများကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန် ဆောင်ရွက်ကြရန် ညွှန်ကြားခဲ့ပြီး မြေပြင်ရှိ တာဝန်ရှိသူများကလည်း အချိန်နှင့်တစ်ပြေးညီ လုပ်ကိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။
ငလျင်ဒဏ်ကြောင့် မန္တလေးအိုးဘိုထောင်ထဲရှိ အဆောက်အအုံအချို့ ပြိုကျပျက်စီးခဲ့သည်ဟုသိရပြီး မတရား အကျဉ်းချခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး၏ အခြေအနေကို အထူးစိုးရိမ်ကြောင်းလည်းပြောသည်။
“ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့အခြေအနေ စိုးရိမ်စရာမရှိဘူးဆိုတဲ့ သတင်းအစအနအချို့ကိုရရှိပေမယ့် ဒါဟာလည်း ရာနှုန်းပြည့် သေချာတဲ့ ကိစ္စမဟုတ်တာကြောင့် ဒီထက်ပိုပြီး သေချာတဲ့ သိရှိရမှု လိုအပ်ပါတယ်” ဟု၎င်းက ဆက်လက်ပြောသည်။
စစ်ကောင်စီသည် သတင်းမီဒီယာများ၏ လွတ်လပ်စွာ ဝင်ရောက်သတင်းရယူပိုင်ခွင့်ကို ပိတ်ပင်ထားလျက်ရှိပြီး ယင်းလုပ်ရပ်သည် မြန်မာနိုင်ငံအတွင်း အမှန်တကယ် ဖြစ်ပျက်နေသည်များ ကို နိုင်ငံတကာ မသိစေလိုခြင်းဖြစ်ကြောင်းလည်း ဆိုသည်။
ထို့အပြင် စစ်ကောင်စီက လက်ရှိဖြစ်ပျက်နေသည့် ငလျင်ဘေးအန္တရာယ်အား အခွင့်ကောင်းယူကာ စစ်ရေး၊နိုင်ငံရေး အမြတ်ထုတ်မှုများ ပြုလုပ်နေသောကြောင့် ပြည်သူလူထုနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် လူမှုအခြေပြုအဖွဲ့အစည်းများအနေနှင့် လုံခြုံရေး အထူးဂရုပြုကြရန်လည်း သတိပေးထားသည်။