By Hlaing / MPA
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် မတ် ၂၈ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် မြို့၏ ၉၀ ရာခိုင်နှုန်းပျက်စီးခဲ့ပြီး ကုန်စျေးနှုန်း အဆင်မတန်မြင့်တက်နေကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသည့် လူမှုကူညီရေးအသင်းများထံမှ စုံစမ်းသိရှိရသည်။
“ စစ်ကိုင်းမြို့အဝင်ကတည်းက အပျက်အစီးတွေက အကုန်လုံးပဲ၊ တစ်မြို့လုံး ကုန်ပြီ၊ ကျန်ခဲ့တဲ့အိမ်ဆိုတာက လက်ချိုးရေတွက်လို့ရပါတယ်။ မြို့နယ်စည်ပင်ကလည်း ပိတ်မိနေတဲ့ သူတွေကို ကယ်လို့ရအောင် ကြိုးစားနေကြတာ တွေ့ရတယ်။ သာသနာ့နယ်မြေတွေမှာဆိုလည်း သံဃာတွေ၊ ဆရာလေးတွေလည်း ဝင်ရှင်းနေကြတယ်” ဟု ယနေ့နံနက်၌(မတ် ၃၁ ရက်) စစ်ကိုင်းမြို့သို့ ရောက်ရှိနေသည့် လူမှုကူညီကယ်ဆယ်ရေးအသင်းဝင်တစ်ဦးက MPA သို့ ပြောသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့နှင့် စစ်ကိုင်းမြို့ကို ဆက်သွယ်ထားသည့် စစ်ကိုင်းတံတာအဟောင်း(အင်းဝတံတား) ကျိုးကျခဲ့သည့်အပြင် လက်ရှိအသုံးပြုလျက်ရှိနေသည့် စစ်ကိုင်းတံတား(ရတနာပုံတံတား) မှာလည်း ခိုင်ခံမှု မရှိတော့သဖြင့် စက်လှေ၊ ဇက်များကို အသုံးပြု၍ စစ်ကိုင်းမြို့ဘက်သို့ ကူးသန်းသွားလာနေရကြောင်း သိရသည်။
“ တံတားပေါ်ကတော့ ဖြတ်ခွင့်ပေးတယ်။ ကားဆိုရင် တစ်ခါဖြတ်ရင် မန္တလေးဘက်က တစ်စီး၊ စစ်ကိုင်းဘက်က တစ်စီး၊ ဆိုင်ကယ်ဆို တစ်ဖက်ကို နှစ်စီးဆီ လွှတ်ပေးတယ်။ တန်ချိန်အရမ်းများတဲ့ကားဆိုရင် တံတားပေါ်က ပစ္စည်းသပ်သပ်၊ ရေဆိပ်ကနေ လူသပ်သပ် ခွဲလွှတ်ပေးတယ်။ တပ်မ ၃၃ ကနေ ခွင့်ပြုချက်ရမှာ သွားခွင့်ပေးတယ်ဆိုတာက မဟုတ်ပါဘူး။ တံတားအောက်ခြေတွေကတော့ ထိခိုက်မှုရှိတယ်” ဟု ကိုယ်တိုင်ဖြတ်သန်းသွားလာခဲ့သည့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။
လက်ရှိတွင် စစ်ကိုင်းမြို့၌ အစားအသောက်နှင့် ဆေးဝါးများအရေးပေါ်လိုအပ်နေသည့်အပြင် အခြေခံစားသောက်ကုန်စျေးနှုန်းများမှာလည်း နှစ်ဆခန့်ထိ မြင့်တက်လျက်ရှိနေသည်။
“ လူမှုကွန်ရက်မှာ ပျံ့နေသလို အစားအသောက်ပြတ်လပ်ကုန်ပြီဆိုတာ မဟုတ်ပါဘူး။ ရေသန့်ဘူးဆို တစ်ဗူး ၈၀၀၊ တစ်ဗူးချင်းရောင်းပေးတယ်။ အသားစျေးကတော့ ၄၀၀၀၀ ထိ မြင့်သွားတယ်။ ခရမ်းချဥ်သီးတစ်ပိသာ ၁၀၀၀၀ ဖြစ်နေတယ်” ဟု စစ်ကိုင်းမြို့ဒေသခံတစ်ဦးက ဆိုသည်။
စစ်ကိုင်းမြို့ရှိ ပြိုကျပျက်စီးနေသည့် အဆောက်အဦများကြား ပိတ်မိနေသည့် သူများနှင့် သေဆုံးခဲ့သည့် Dead Body များမှာလည်း ကယ်ဆယ်ရေးလုပ်ဆောင်မှုနှင့် စက်ယန္တရား လိုအပ်ချက်များကြောင့် လက်ရှိအချိန်ထိ ထုတ်ယူနိုင်ခြင်း မရှိသေး၍ အပုပ်နံ့များလည်း ထွက်နေကြောင်း သိရသည်။
ထိုကဲ့သို့ ငလျင်လှုပ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သူများကို စစ်ကိုင်းမြို့တွင်းရှိ ဆေးရုံ၊ ဆေးခန်းများတွင် ဆေးကုသမှုများ လုပ်ဆောင်ပေးလျက်ရှိသော်လည်း လူဦးရေများပြားလွန်းသဖြင့် လုံလောက်စွာ ကူညီပေးနိုင်ခြင်း မရှိကြောင်း သိရသည်။
“ အပြိုအပျက်တွေကို တူနဲ့ ထုခွဲပြီး လူရှာနေရတယ်။ အလုပ်က မတွင်ဘူးလေ၊ တခြား လက်အိတ်၊ Mask၊ ဓာတ်ဆားထုပ်၊ Dead Body ထည့်မဲ့ အိတ်တွေ၊ ရေသန့်တွေ အများကြီး လိုအပ်ချက်ရှိနေတယ်။ အလောင်းတွေလည်း အများကြီး” ဟု လူမှုကူညီကယ်ဆယ်ရေးအသင်းဝင် အမျိုးသမီးတစ်ဦးက ဆိုသည်။
လက်ရှိတွင် ငလျင်လှုပ်ခတ်မှုများကြောင့် စစ်ကိုင်းမြို့ခံများမှာ လမ်းဘေးဝဲယာရှိ အရိပ်ရသစ်ပင်ကြီးများအောက်တွင်သာ နေထိုင်နေကြရပြီး၊ ရာသီဥတုမှာလည်း ပူပြင်းလာသည့်အတွက် အခက်အခဲများစွာ တွေ့ကြုံနေရသည်။
ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် စစ်ကိုင်းမြို့ပေါ်ရှိ နေရာများကို စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများက သန့်ရှင်းရေးများ ပြုလုပ်နေပြီး၊ NUG ထိန်းချုပ်နယ်မြေများတွင်လည်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းမြို့၌ သေဆုံးသူ ငါးရာနီးပါးရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း များပြားကာ ဆေးရုံ မလုံလောက်မှုကြောင့် အခက်အခဲများစွာဖြစ်နေရကြောင်း ဒေသခံများက ဆိုသည်။
ငလျင်လှုပ်ခက်မှုကြောင့် စစ်ကိုင်းမြို့၏ အကြီးဆုံး ဇိနောဒယ စာသင်တိုက်ကြီး ပြိုကျပျက်စီးခဲ့သည့်အပြင် သမိုင်းဝင်စေတီပုထိုးများဖြစ်သည့် ဆွမ်းဦးပုညရှင်၊ မင်းကွန်းပုထိုးတော်ကြီး၊ မယ်နုအုတ်ကျောင်းအပါအဝင် ဘာသာရေးအဆောက်အဦများစွာ ပျက်စီးခဲ့သည်။