By Myo Thiha / MPA
မတ် ၂၈ရက်က မန္တလေးမြို့အနီးကို ဗဟိုပြု လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် မန္တလေးမြို့တွင် သေဆုံးခဲ့သည့် တစ်ထောင်ကျော်ရှိနေသည့်အတွက် မီးသင်္ဂြိုဟ်စက်များ၌ အလောင်းများထပ်နေကြောင်း သိရသည်။
“ သဘာ၀ဘေးကြောင့် သင်္ဂြိုဟ်ရသူ အရမ်းများတယ်။ တစ်ခါတည်းပေါင်းသင်္ဂြိုဟ်ဖို့အတွက် ဒီတိုင်းထားခဲ့ရတယ်” ဟု သင်္ဂြိုဟ်စက် လုပ်သားတစ်ဦးက ပြောသည်။
မန္တလေးမြို့၌ တောင်အင်း၊ မြောက်အင်း နှင့်ကြာနီကန် သုဿာန် သုံးခုသာရှိပြီး သေဆုံးသူအလွန်များပြားနေခြင်းကြောင့် အလျင်မီအောင် မီးသင်္ဂြိုဟ်မှု မပြုလုပ်နိုင်ခြင်းလည်းဖြစ်သည်။








“ ဆေးရုံကနေ တစ်ခါတည်းသယ်လာတဲ့ အလောင်းတွေအရမ်းများတယ်။ အချို့ကလည်း အိမ်ကနေသယ်လာပြီး ဒီရောက်မှ တရားနာ၊ သင်္ဂြိုဟ်ဖို့ ထားခဲ့ရတယ် ” ဟု နာရေးကူညီမှုအသင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
လက်ရှိတွင်လည်း အထက်ပါ သုဿာန်သုံးခု၌ သင်္ဂြိုဟ်ရန် အလောင်းများစွာရှိနေပြီး သုသာန်အပြင်၌ ပုံထားရကာ အချို့သော မိသာစုဝင်များသည် မိမိအစီအစဉ်ဖြင့် အလောင်းများကို မီးရှို့မှုများပြုလုပ်နေရသည်။
မန္တလေးမြို့တွင် ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် သာသနိကအဆောက်အအုံများ၊ ဗလီများ၊ ဟိုတယ်နှင့် နေအိမ်အများအပြားရှိပြီး အပြိုအပျက်အောက်မှား၌ ပိတ်မိသူများနှင့် သေဆုံးသူများကို ထုတ်ယူရန် လက်ရှိအချိန်ထိ ဆောင်ရွက်နေရဆဲဖြစ်သည်။
Mizzima သတင်းဌာန၏ မတ် ၃၀ရက်ထိ ကောက်ယူထားသည့် အချက်အလက်များအရ မြေငလျင်ကြောင့် သေဆုံးခဲ့သူသည် ၂၉၇၄ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၃၁၂၂ ဦးနှင့် ပျောက်ဆုံးနေသူ ၆၈ ဦးရှိကြောင်းသိရသည်။
Photo – Than Lyan / MPA