Mg Dagon / MPA
တပ်ထောက်ခံသူတစ်ဦးဖြစ်သော ဦးကျော်ဇေယျက စစ်ကောင်စီအနေဖြင့် လက်ရှိငလျင်ဘေးသို့ကူညီရန် မြန်မာနိုင်ငံသို့လာသည့် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များကို ရွေးချယ်ဝင်ရောက်ခွင့်ပြုနေခြင်းအပေါ် ဝေဖန်ပြောဆိုလိုက်သည်။
၎င်းသည် ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) တည်ထောင်သူများအတွင်း ထိပ်ပိုင်းခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သူ ဒုဥက္ကဋ္ဌဟောင်းဖြစ်သည်။
“မည်သည့်အဖွဲ့အစည်းမဆို၊ မည်သူမဆို ကူညီလို့– ရပါတယ်ဟုပြောထားပြီး အမှားပြင်ဆိုရင်တော့ သိက္ခာကျတာပေါ့” ဟု ဒုဗိုလ်မှူးကြီးဟောင်းဖြစ်သည့် ဦးကျော်ဇေယျက ၎င်း၏ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကတစ်ဆင့် ပြောကြားသည်။
အာဏာသိမ်းမှုကို ထောက်ခံသူ ၎င်းက စစ်ကောင်စီအပေါ် ထိုသို့ပြောကြားခြင်းကို လူမှုကွန်ရက်သုံးသူအများက တအံ့တဩဖြစ်နေကြသည်။
ဦးကျော်ဇေယျအပြောမှာ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ငလျင်ကြီးလှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ ရက်နေ့ ညပိုင်းတွင် ပြောကြားခဲ့သည့်မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့သည့်စကားရပ်ကို ရည်ညွှန်းပြောဆိုခြင်းဟု နားလည်ရသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ မတ်လ ၂၈ မိန့်ခွန်းအဆုံးသတ်တွင် “ပြည်ပအကူအညီများပေးနိုင်ဖို့လည်း အကုန်လမ်းဖွင့်ထားပြီးဖြစ်ပါတယ်။ … မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်းမဆို မြန်မာနိုင်ငံမှာအတွင်းမှာရှိတဲ့ ရဟန်းရှင်လူမိဘပြည်သူ မည်သူမျှမဆို လာရောက်ကူညီနိုင်ဖို့ ကျွန်တော်ဖိတ်ကြားလိုပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
အသက် ၇၀ ခန့်ရှိပြီဖြစ်သည့် ဦးကျော်ဇေယျသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ၂၀၁၆-၂၀၂၁ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။ ထို့နောက် NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်သည့် ဒေါ်သက်သက်ခိုင်နှင့်အတူ PPP ပါတီကို တည်ထောင်ခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော်လည်း အနိုင်မရခဲ့ပေ။
၎င်းသည် ငလျင်ကြီးစတင်လှုပ်ခပ်ခဲ့သည့် မတ်လ ၂၈ ရက်နှင့် ၂၉ ရက်နေ့တို့တွင်လည်း စစ်ကောင်စီကို ဝေဖန်သည့် အကြောင်းအရာများ လူမှုကွန်ရက်ပေါ်တွင် ရေးသားပြောဆိုထားသည်။
“နိုင်ငံရေးအလွှာ သတင်းမီဒီယာနဲ့ မင်းရဲ့အပါး တပဲ့(တပည့်)များက ဘုန်းတော်ဘွဲ့သာညာနေပါမူ နိုင်ငံတော်ကြီး နာလန်မထူ” ဟု မတ်လ ၂၈ ရက်နေ့က ရေးသားထားသကဲ့သို့ “မဟာပထဝီ မြေကြီးကတောင် တုန်ခါပြီး ပြနေတော့ ဘာလုပ်သင့်သည်ဆိုတာ သိတတ်ကြစမ်းပါ” ဟု မတ်လ ၂၉ ရက်နေ့က ထပ်မံရေးသားထားသည်။
ထိုသို့ ဦးကျော်ဇေယျ၏ ရေးသားပြောဆိုမှုများနှင့်ပတ်သက်၍ “သူတို့တောင် မနေနိုင်တော့ဘူးဆိုတော့ စဉ်းစားသာကြည့်တော့ဗျာ။ ဒီနေရာမှာတော့ ပြောသင့်တယ်။ ထိုင်ဝမ်အဖွဲ့တွေ ဝင်ခွင့်မပြုတာကို ရည်ရွယ်ပြောတာလို့ထင်တယ်” ဟု ၎င်းအကြောင်သိရှိထားသည့် အသက် ၄၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက ပြောသည်။
လတ်တလော မတ်လ ၂၈ ရက်နေ့ကတည်းက မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ထိုင်ဝမ်မှ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီက ခွင့်မပြု၍ ကယ်ဆယ်ရေးလုပ်ဆောင်ခွင့်မရ ဖြစ်နေသည်။
ထို့ကြောင့် တပ်ဖွဲ့ဝင် ၁၀၀ ဦးကျော်ပါဝင်သည့် လေ့ကျင့်ပြီးသား ရှာဖွေကယ်ဆယ်ရေးအဖွဲ့သည် ငလျင်ဘေးကူညီမည့်အစီအစဉ်ကို လက်လျှော့လိုက်ပြီဟု သတင်းများထွက်ပေါ်နေသည်။
“စစ်တပ်ရဲ့ မူလအကျင့်အတိုင်းပဲပေါ့။ နာဂစ်တုန်းကလည်း ဒီအတိုင်းပဲ။ သူတို့အတ္တကိုပဲကြည့်တဲ့လူတွေ။ ပြည်သူတွေဘာဖြစ်ဖြစ်ပဲ။ အလွန်ကို ဝမ်းနည်းစရာကောင်းပါတယ်” ဟု ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက မှတ်ချက်ပေးသည်။
လတ်တလော မြန်မာနိုင်ငံအတွင်း စစ်ကောင်စီနှင့်သံတမန်ဆက်ဆံရေးရှိသည့် ရုရှား၊ တရုတ်၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့က ကယ်ဆယ်ရေးအဖွဲ့များအပါအဝင် မလေးရှား၊ ဗီယက်နမ်နိုင်ငံတို့က ကယ်ဆယ်ရေးအဖွဲ့များသာ ဝင်ရောက်ကူညီခွင့်ပြုထားသည်။
ထို့အပြင် နိုင်ငံခြားသတင်းဌာနနှင့် သတင်းထောက်များက စစ်ကောင်စီထံ လာရောက်သတင်းရယူရန်တင်ပြထားသည်များရှိသော်လည်း တည်းခိုစရာအဆင်မပြေသည့်အပြင် လျှပ်စစ်မီးနှင့် ရေတို့ပြတ်တောက်နေသည်ကို စစ်ကောင်စီ ပြောခွင့်ရသူ ဇော်မင်းထွန်းက အကြောင်းပြပြီး ငြင်းဆိုထားသည်။
ငလျင်ဘေးကြောင့် ယမန်နေ့ မတ်လ ၃၀ ရက် ညနေပိုင်းအထိ သေဆုံးသူ ၁၇၀၀ နီးပါးအထိ တိုးလာခဲ့ပြီး ဒဏ်ရာရသူ ၃၄၀၀ ကျော်နှင့် ၃၀၀ ဦးကျော်ပျောက်ဆုံးနေဆဲဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။