By Myo Thiha / MPA
မန္တလေးတိုင်း၊ မန္တလေးမြို့တွင် ပြီးခဲ့သည့် မတ် ၂၈ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ငလျင်ရှောင် Campများ၌ နေထိုင်နေရသူများအတွက် အစားအစာ၊ သောက်ရေ၊ သုံးရေနှင့် ဆေးဝါးစောင့်ရှောက်မှုများ လိုအပ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
မန္တလေးမြို့ လမ်း ၃၀နှင့် ၇၃လမ်းထောင့်ရှိ ငလျင်Camp များသည် အဓိကလမ်းမကြီးတွင် တည်ရှိသည့်အတွက် လာရောက်လှူဒါန်းမှုများရှိသော်လည်း ရပ်ကွက်များအတွင်းရှိ Campများ၌ လှူဒါန်းသည် နည်းပါးနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ အခြားရပ်ကွပ်မှာရှိတဲ့ Camp တွေကတော့ လာလှူတဲ့သူနည်းတယ်။ တချို့ကြလည်း ကိုယ့်အိမ်က ကိုယ်ရှိတာလေး ပြန်ယူပြီးချက်ပြုတ်စားသောက်ကြတယ် “ဟု ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၌ နေထိုင်သူတစ်ဦးက ပြောသည်။
ထို့ပြင် ငလျင်ဒဏ်သင့်ထားသည့် ဒေသခံအချို့သည် Camp များ၌ နေထိုင်သူများရှိသည့်အပြင် မြို့ပေါ်ရပ်ကွက်ရှိ ဓမ္မာရုံများ၊ ဘုရားဝင်များအတွင်း နေထိုင်နေသူများလည်း ရှိသည်။
“ ကျတော်တို့လည်း တတ်နိုင်တာလေးလာရောက်လှူဒါန်းတယ်။ ကျတော်တို့လည်း ခံစားခဲ့ရတာပဲ၊ ဒါပေမဲ့ ကိုယ်တတ်နိုင်တာလေးတွေ လာရောက်လှူဒါန်းတာပါ ” ဟု မန္တလေးမြို့အတွင်း ရေကုသိုလ်ပြုလုပ်နေသူတစ်ဦးက ပြောသည်။

ထို့ပြင် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို မန္တလေးမြို့တွင်းရှိ ဆေးရုံ၊ ဆေးခန်းများ၌ ကုသမှုများ ဆောင်ရွက်ပေးနေသော်လည်း လူဦးရေများပြားနေခြင်းကြောင့် လုံလောက်စွာ မကူညီပေးနိုင်ကြောင်းလည်း သိရသည်။
“ ဒီမှာတော့ ထိခိုက်တာ ပွန်းပဲ့တာ၊ မူးဝေတာ၊ သွေးပေါင်တိုင်းတာတွေကိုတော့ လုပ်ဆောင်ပေးပါတယ်။ ခွဲစိတ်မှု အကြီးစားတွေကိုတော့ ဆေးရုံကြီးကို လွှဲပြောင်းပေးတာမျိုးရှိတယ်။ ကျန်းမာရေးစောင့်ရှောက်မှုကို ကူညီပေးနေတဲ့သူကလည်း အနည်းငယ်ပဲရှိသေးတယ် ” ဟု ငလျင် Campများတွင် ဆေးဝါးနှင့် ကုသမှုများ ဆောင်ရွက်ပေးနေသည့် ဆရာဝန်တစ်ဦးက ပြောသည်။
ထို့ပြင် ကျန်မာရေးစောင့်ရှောက်မှုများကို မန္တလေးမြို့အပြင် စစ်ကိုင်းဘက်နှင့် အခြား ငလျင်ဘေးသင့်ခဲ့သည့်နေရာများကိုလည်း သွားရောက်ကုသမှုပေးနိုင်ရန် ဆောင်ရွက်သွားမည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
လက်ရှိ မန္တလေးမြို့ ရပ်ကွက်များအတွင်းရှိ ဓမ္မာရုံ၊ ဘုရားဝန်းနှင့် ဘောလုံးကွင်းများအတွင်း ဝင်ရောက်နေထိုင်နေသည့် ငလျင်ဘေးအန္တရာယ် ရင်ဆိုင်ခဲ့ရသည့် ပြည်သူများသည် သောက်ရေ၊ သုံးရေအတွက်ပင် ခက်ခဲမှုများဖြင့် ကြုံတွေ့နေရသည်။
“ မီးပျက်တဲ့အတွက် ရေတင်လို့မရ၊ ရေတွင်းကနေပဲ ခပ်ပြီးသုံးနေရတယ်။ အိမ်သာဆုံးဖို့ ရေလည်းဒီကနေပဲ ခပ်ယူရတော့ လူကများပြီး မနိုင်တော့ဘူး ” ဟု ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
လက်ရှိ ငလျင်ဘေးအန္တရာယ် အဆိုးဆုံးကျရောက်ခဲ့သည့် မန္တလေးမြို့တွင် အထက်ပါအခက်အခဲများအပြင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများပါ ပြတ်တောက်မှုဖြင့် ကြုံတွေ့နေရသည်။
စာတည်း – ကိုဆန်း