By Crystal/MPA
မတ်လ ၂၈ ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းပြတ်ရွေ့မှ လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်၏ နောက်ဆက်တွဲအနေဖြင့် ငလျင်ကြီးများ လှုပ်ခတ်နိုင်သေးသော်လည်း အချိန်အတိအကျဖြင့် ငလျင်လှုပ်ခတ်မည်ဆိုသည့် သတင်းများကို မယုံရန် မြေငလျင်ပညာရှင် ဒေါက်တာမျိုးသန့်က ပြောသည်။
ငလျင်လှုပ်ခတ်မည်ဆိုသည့် ကောလာဟလများကြောင့် ယမန်နေ့(မတ် ၂၉ရက်)၊ ညပိုင်းကလည်း ရန်ကုန်မြို့ရှိ သာကေတမြို့နယ်၊ တာမွေမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ လှိုင်မြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စမ်းချောင်းမြို့နယ် စသည့်မြို့နယ်များမှ ပြည်သူများ လမ်းမများပေါ် ဆင်းနေခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။
” အချိန်အတိအကျနဲ့ ငလျင်လှုပ်ခတ်မယ်ဆိုတာမျိုးကတော့ ဘယ်သူမှ ခန့်မှန်းနိုင်ခြေမရှိပါဘူး။ အချိန်အတိအကျနဲ့ နောက်ဆက်တွဲ ငလျင်တွေလှုပ်မယ်ဆိုတာမျိုးတွေကို ပြည်သူလူထုအနေနဲ့ မယုံကြည်ကြဖို့ ကျတော့်အနေနဲ့ တိုက် တွန်းလိုပါတယ်။ ဒါပေမဲ့ သတိတော့ ထားရမယ်။ ပြင်းအား ၇ဒသမ၇ အဆင့်အထိကြီးမားတဲ့ ငလျင်ကြီး လှုပ်ထားပြီးပြီဆိုတော့ နောက်ဆက်တွဲ ငလျင်တွေ တောက်လျှောက်လိုက်နေနိုင်တယ် ” ဟု မြေငလျင်ပညာရှင် ဒေါက်တာမျိုးသန့်က ဆိုသည်။
မတ်လ ၂၈ ရက်၊ မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်တွင် မန္တလေးမြို့၏ အရှေ့မြောက်ဘက် (၂၀) ကီလိုမီတာခန့်အကွာ၊ မြေအောက်အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ၁၁ မိနစ်ခန့်အကြာ နေ့လယ် ၁ နာရီ ၂ မိနစ်ခန့်တွင် အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၅ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု ထပ်မံလှုပ်ခပ်ခဲ့သည့်အပြင် ယနေ့ မနက်ပိုင်းအထိ ပြင်းအား ရစ်ချ်တာစကေး ၅ အဆင့်ကနေ ၃ အဆင့်ကြား နောက်ဆက်တွဲငလျင်ပေါင်း ၂၈ ကြိမ်အထိ လှုပ်ခတ်ခဲ့ကြောင်း စစ်ကောင်စီ မိုးဇလဌာန၏ ထုတ်ပြန်ထားချက်အရ သိရသည်။
” ညက တစ်နာရီကျော် ကျမတို့ တစ်တိုက်လုံး ဆင်းပြေးကြတယ်။ ငလျင်လှုပ်လို့ ပြေးဆင်းကြတာ၊ လူတွေလည်း တော်တော်နဲ့ ပြန်မတက်ရဲကြလို့ လမ်းမမှာ ပြုံနေတယ်။ စိတ်ပူပြီး ဘယ်လိုမှ အိပ်လို့ကလည်း မရ။ မီးပျက်လို့ ဖုန်းက အဆင်မပြေနဲ့ တော်တော်ဆိုးပါတယ်။ ရုတ်တရက်ငလျင်စလှုပ်တဲ့နေ့ကလို တိုက်တွေထပ်ပြိုကျမှာလည်း စိုးရိမ်မိတယ် ” ဟု ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ဆိုသည်။
ထို့အပြင် ယနေ့ (မတ်လ ၃၀ ရက်) နေ့လယ် ၁၂ နာရီ ၄၃ မိနစ်တွင်လည်း နောက်ဆက်တွဲငလျင် တစ်ခုအဖြစ် ပြင်ဦးလွင်မြို့ တောင်ဘက် အနီးဝန်းကျင်၌ ပြင်းအား ၄ဒသမ၃ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း ထိုင်းမိုးလေဝသ ဌာန၏ သတင်းထုတ်ပြန်ထားချက်အရ သိရသည်။
” ဆူနာမီ မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် စစ်ကိုင်းပြတ်ရွေ့က ကုန်းထဲမှာ လှုပ်နေတဲ့ ငလျင်ဖြစ်တဲ့အတွက်
ကြောင့်မို့လို့ ဆူနာမီ ဖြစ်စရာတော့မရှိပါဘူး။ ဖြစ်မယ်ဆို လာပြီးလောက်ပြီပေါ့နော်။ အထူးသဖြင့် ဆူနာမီဖြစ်နိုင်ခြေဟာ မြန်မာနိုင်ငံရဲ့ အနောက်ဘက်မှာပဲ ဖြစ်နိုင်ခြေရှိတယ်။ ပင်လယ်သမုဒ္ဒရာဘက်က လှုပ်ခတ်တဲ့ ငလျင်ဆိုရင်တော့ ဆူနာမီဖြစ်နိုင်တယ်။ အကယ်၍များပေါ့ ငလျင်လှုပ်ခတ်ခဲ့ရင် အဲ့ဒီငလျင်က ပင်လယ်သမုဒ္ဒရာဘက်က လှုပ်ခတ်တဲ့ ငလျင်ဆိုရင်တော့ ရခိုင်ကမ်းရိုးတန်းဒေသ၊ တနင်္သာရီဒေသလိုမျိုးတွေ နောက်ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေကတော့ effect ဖြစ်နိုင်တယ် ” ဟု မြေငလျင်ပညာရှင် ဒေါက်တာမျိုးသန့်က ဆူနာမီဖြစ်နိုင်ခြေရှိ၊ မရှိနှင့်ပတ်သက်၍ ရှင်းပြသည်။
မန္တလေးမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ယနေ့ (မတ်လ ၃၀ ရက်) မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီအထိ သေဆုံးသူ စုစုပေါင်း ၂,၀၂၈ ဦးရှိနေပြီး ယင်းအရေအတွက်သည် DVB Data Team မှ လက်လှမ်းမီသလောက် ရရှိထားတဲ့ ကိန်းဂဏန်းတွေသာဖြစ်ကြောင်း DVB သတင်းဌာနက ထုတ်ပြန်ထားသည်။
နောက်ဆက်တွဲ ငလျင်လှုပ်နိုင်ခြေနှင့်ပတ်သက်၍ ” သတိနဲ့တော့ နေရတယ်။ ညဆိုလဲအပြင်ဘက်မှာ နေကြရတယ်။ တခုခုဆို အဆောက်ဦးနဲ့ လွတ်တဲ့နေရာမှာ နေဖို့လုပ်ထားရတယ်။ မီးက အခုထိတော့ မလာသေးဘူး။ Data က ရလိုက်မရလိုက်နဲ့ Wi-Fi လည်း လိုင်းပြတ်နေတယ်။ Solar ရှိလို့သာ နည်းနည်း အဆင်ပြေနေတာ ” ဟု မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ဆိုသည်။
ငလျင်ဒဏ်ကြောင့် ထိခိုက်၊ သေဆုံးသူများထဲတွင် မန္တလေးတိုင်းမှ အများဆုံးဖြစ်ကြောင်းလည်း သိရသည်။
ထို့အပြင် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေး၊ အင်းဝ၊ အမရပူရ၊ ပုသိမ်ကြီး၊ ကျောက်ဆည်၊ စစ်ကိုင်းနှင့် ရှမ်း ပြည်နယ်ရှိ သက်တမ်းရှည်ကြာပြီး အထင်ကရရှိသော ရှေးဟောင်း အမွေအနှစ် အဆောက်အအုံများ၊ ရှေးဟောင်းဗုဒ္ဓဘာသာ စေတီ ၊ပုထိုး ၊ဘုန်းကြီးကျောင်းများ၊ သာသနိကအဆောက်အအုံများ၊ သဘာဝအမွေအနှစ်များနှင့် မန္တလေးတိုင်း၊ ပဲခူးတိုင်း နှင့် နေပြည်တော်ရှိ သက်တမ်းရာချီရှိသော ဗလီများအပါအဝင် ဘာသာရေးကျောင်းများ ယခုအချိန်အထိ စုစုပေါင်း ၄၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားသည်။
စာတည်း-ကိုဆန်း