By MPA
မန္တလေး PDF ထိန်းချုပ်နယ်မြေအတွင်း ငလျင်ဒဏ်သင့်ခဲ့သည့် ပြည်သူများကို ကူညီမှုများလုပ်ဆောင်ပေးမည့် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ၏ လုံခြုံရေးကို အပြည့်အ၀ပေးသွားမည်ဟု ယနေ့( မတ် ၃၀ရက်)တွင် ငလျင်နှင့် ပတ်သက်ပြီး ဝမ်းနည်းကြေင်း ထုတ်ပြန်ချက်၌ ထည့်သွင်းဖော်ပြထားသည်။
မတ် ၂၈ရက်က မန္တလေးမြို့နှင့် စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အားရစ်ချ်တာစကေး ၇ဒသမ၇ အဆင့်ရှိ အင်အားအလွန်ပြင်းငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်အပါအဝင် နေရာဒေသအများစုမှ နေအိမ်များ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများနှင့် သမိုင်းအမွေအနှစ်များစွာ ပျက်စီးခဲ့ရပြီး ပြည်သူလူထု ထောင်ပေါင်းများစွာ သေဆုံးခဲ့ရသည့်အတွက် ပြည်သူလူထုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရသည်ဟု မန္တလေး PDF က ဆိုသည်။
ထို့ပြင် မန္တလေး PDF ထိန်းချုပ်နယ်မြေများအတွင်း ငလျင်ဘေးဒဏ်သင့် ပြည်သူများကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်လိုသည့် ပြည်တွင်း၊ ပြည်ပအဖွဲ့စည်းများကို ဖိတ်ခေါ်ပြီး အဆိုပါအဖွဲ့အစည်းအားလုံး၏ လုံခြုံရေးအား အပြည့်အ၀ အာမခံကာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် အသင့်ရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် နောက်ဆက်တွဲငလျင်များ ထပ်မံဖြစ်ပေါ်နိုင်ဖွယ်ရှိသည့်အတွက် ပြည်သူများအနေဖြင့် ဂရုစိုက်နေထိုင်ရန်နှင့် မန္တလေး PDFမှလည်း ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကူညီထောက်ပံ့ပေးသွားမည်ဟု ထုတ်ပြန်ထားသည်။