By MPA
အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေးလုပ်နေရသည့် စစ်ကိုင်းမြို့တွင် အကူအညီများအလွန်လိုအပ်နေပြီး အစားအသောက်နှင့် ဆေးဝါးများအရေးပေါ်လိုအပ်နေသလို သေဆုံးသူများအား မထုတ်နိုင်သေးသဖြင့် အပုပ်နံ့များထွက်လာကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကထုတ်ပြန်ခဲ့သည်။
ငလျင်ကြောင့် မန္တလေးနှင့် စစ်ကိုင်းကိုဆက်သွယ်ထားသော တံတားဟောင်းကျိုးကျသွားသည့်အပြင် တံတားအသစ်မှာလည်း ခိုင်ခံ့မှုမရှိတော့သဖြင့် မန္တလေးဘက်မှ အကူအညီဝင်ရောက်ရန် ခက်ခဲသည့်အခြေအနေတွင်ရှိကြောင်း သိရသည်။
ဒါ့အပြင် ကယ်ဆယ်ရေးလူအင်အား အလွန်နည်းပါးနေခြင်းကြောင့် ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အအုံအပျက်များအကြား သေဆုံးသွားသူများ၏ ရုပ်အလောင်းများကိုမထုတ်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။
ငလျင်လှုပ်ခတ်ပြီးနောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မန္တလေးမြို့သို့ရောက်ရှိနေသော်လည်း စစ်ကိုင်းမြို့ဘက်ကိုတော့ ထိရောက်သည့် အကူအညီများမပေးနိုင်သေးပါ။
မန္တလေးမြို့၏ အရှေ့မြောက်ဘက် (၂၀) ကီလိုမီတာခန့်အကွာ၊ မြေအောက်အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်ကြီးတစ်ခု မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည်။
ထို့နောက် ၁၁ မိနစ်ခန့်အကြာ နေ့လယ် ၁ နာရီ ၂ မိနစ်ခန့်တွင် အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၅ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု ထပ်မံလှုပ်ခပ်ခဲ့သည့်အပြင် နောက်ဆက်တွဲငလျင်ပေါင်း နှစ်ရက်အတွင်းအကြိမ် ၉၀ ကျော်အထိ လှုပ်ခတ်ခဲ့ကြောင်း စစ်ကောင်စီမိုးဇလဌာနနှင့် ကမ္ဘာ့ငလျင်တိုင်းတာရေးစင်တာများ၏ ထုတ်ပြန်ထားချက်အရ သိရသည်။