By Ra Wai / MPA
ငလျင်ဒဏ်သင့်ပြည်သူများကို ဩစတြေးလျနိုင်ငံက ကနဦးအကူအညီအဖြစ် အပြည်ပြည်ဆိုင် ရာကြက်ခြေနီအသင်း ICRCမှတစ်ဆင့် ဒေါ်လာနှစ်သန်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သြစတြေးလျနိုင်ငံ၏ ယင်းအကူအညီသည် ICRC အနေနှင့် အရေးပေါ်ကျန်းမာရေးဆိုင်ရာအကူ အညီများပေးအပ်ခြင်းအပါအဝင် အသက်ကယ်ဆယ်ရေးပံ့ပိုးမှုများကိုချက်ချင်းလုပ်ဆောင်နိုင်စေရန် အထောက်အကူဖြစ်စေမည်ဟု မြန်မာနိုင်ငံဆိုင်ရာဩစတြေးလျသံရုံးက ယနေ့ထုတ်ပြန်သည်။
“လှိုက်လှဲစွာကြိုဆိုရမယ့် ဩစတြေးလျနိုင်ငံရဲ့ အကူအညီပါပဲ။စစ်ကောင်စီလက်ထဲကို ပိုက်ဆံတိုက် ရိုက်မပေးဘဲ ICRC ကနေ တစ်ဆင့် ကူညီတာကြောင့် ငလျင်ဒဏ်ခံပြည်သူတွေဆီ ဩစတြေးလျရဲ့ အကူအညီ ရာနှုန်းပြည့်ရောက်ရှိမယ်ဆိုတာ ယုံကြည်ပါတယ်။တစ်ခုရှိတာကတော့ ICRC က ငလျင်ဒဏ်သင့်ပြည်သူတွေကို တိုက်ရိုက်ကူညီတဲ့အပေါ် စစ်ကောင်စီက ခွင့်ပြုပါ့မလားဆိုတာလည်း စောင့်ကြည့်ရပါမယ်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြောသည်။
သြစတြေးလျအနေဖြင့် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းထံသို့ မည်သည့်အကူအညီမျှ တိုက်ရိုက်ပေးအပ်ခြင်းမရှိသလို မြန်မာနိုင်ငံအတွက် မိမိတို့၏အကူအညီများသည် စစ်အာဏာရှင်အဖွဲ့အစည်းကိုတရားဝင်စေမှုမဖြစ်စေရန် အသေအချာကြိုတင်ပြင်ဆင်ဆောင်ရွက် ကြောင်းလည်း ထုတ်ပြန်ထားသည်။
အမိုးအကာ၊ အစားအစာနှင့် သောက်သုံးရေတို့ကဲ့သို့သော အဆောတလျင်လိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်ရန်အတွက် UN Central Emergency Response Fund (CERF) က အမေရိကန်ဒေါ်လာ ငါးသန်းပေးအပ်ခြင်းအပေါ် ကြိုဆိုကြောင်းနှင့် သြစတြေးလျသည် CERF ၏ ကာလရှည်ပံ့ပိုးကူညီသူဖြစ်ကြောင်းလည်း ထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နှင့်ပြီးဖြစ်သော ဆိုးရွားသည့်လူသားချင်းစာနာမှုဆိုင်ရာအခြေအနေ ကိုပိုမိုခက်ခဲစေခဲ့သည့် ငလျင်ဒဏ်သင့် ဖြစ်ရပ်ဆိုးကြောင့် ထိခိုက်ခံစားခဲ့ရသူများအားလုံးအတွက် များစွာဝမ်းနည်းကြေကွဲရကြောင်း ဩစတြေးလျက ထုတ်ပြန်သည်။
နိုင်ငံတကာမိတ်ဆွေများနှင့် ပြည်ပရောက်မြန်မာအသိုင်းအဝိုင်းအနေနှင့် ငလျင်ဒဏ်သင့်မြန်မာပြည် သူများကို ယခုချက်ချင်း ထိထိရောက်ရောက်ကူညီကြရန် NUG ယာယီသမ္မတက တိုက်တွန်းခဲ့သလို ယင်း အကူအညီများသည် လူကြားကောင်းရုံ၊လူမြင်ကောင်းရုံ၊နိုင်ငံရေးအရ အသုံးချခံရရုံသက်သက် အ တွက် ဖြစ်မသွားစေဘဲ အမှန်တကယ်လိုအပ်နေသူများဆီ ရာနှုန်းပြည့်ရောက်ရန် လိုကြောင်းလည်း သတိပေးခဲ့သည်။
စာတည်း-ML