By Nway / MPA
ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးသွားခဲ့ကြသည့် ပြည်သူများအား ဝမ်းနည်းကြောင်းဖော်ပြရန် အတွက် အထူးဒေသရှိ အစိုးရအဖွဲ့က စည်ကားသိုက်မြိုက်စွာကျင်းပရန်စီစဉ်ထားသော မဟာသင်္ကြန်ရေကစားပွဲတော်ကို ဖျက်သိမ်းလိုက်ကြောင်း ကိုးကန့်တပ်မတော် MNDAA က ထုတ်ပြန်သည်။
အထူးဒေသအတွင်း မည်သည့်ပျော်ပွဲရွှင်ပွဲကိုမှ ကျင်းပခွင့်မပြုကြောင်းလက်ရှိကာလအတွင်း စစ်ဘေးဒဏ်ကြောင့် ဒုက္ခရောက်နေကြသည့်အပြင် သဘာဝကပ်ဘေးကြောင့် ပြည်သူများပျက် စီးဆုံးရှုံးသေဆုံးရမှုများအပေါ် အထူးဒေသရှိ အစိုးရအဖွဲ့များနှင့်ပြည်သူများက များစွာကြေကွဲ ဝမ်းနည်းရကြောင်းနှင့် လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရန်အသင့်ရှိကြောင်း အထူးဒေသအစိုးရအဖွဲ့က သဘောထားထုတ်ပြန်သည်။
“MNDAA ရဲ့ ပြည်သူအပေါ် အလေးထားမှု၊ပြည်သူ့ဒုက္ခကို ကိုယ့်ဝေဒနာလို့ ခံစားနိုင်စွမ်းရှိမှု၊ ပြည်သူ တွေ ဝမ်းနည်းကြေကွဲနေချိန်မှာ မပျော်သင့်ဘူးဆိုတဲ့ လူလိုသိမှု။ MNDAAရဲ့ နိုင်ငံရေးအသိကြီးမှုပေါ့။ နေပြည်တော် ဗိုလ်ချုပ်တွေကရော ဘာလုပ်မလဲ”ဟု ရှမ်းမြောက်အခြေစိုက်တော်လှန်ရေးရဲဘော် တစ်ဦးက MPAသို့ ပြောသည်။
အထူးဒေသအတွင်းရှိ ဆေးရုံအားလုံးသည် ငလျင်ဒဏ်သင့်ဒေသများမှ ရောက်ရှိလာမည့် လူနာများ အတွက် အခမဲ့ ဆေးဝါးကုသမှုအကူအညီများပေးနိုင်ရန် အစွမ်းကုန် ကြိုတင်ပြင်ဆင်ထားမည်ဖြစ်ပြီးငလျင်ဒဏ်သင့်ဒေသများမှ ပြည်သူများရောက်ရှိလာပါက အစားအသောက်နှင့်နေရာထိုင်ခင်း အခမဲ့ ထောက်ပံ့ကူညီသွားမည်ဟုလည်း ထုတ်ပြန်ထားသည်။
ထို့အပြင် ငလျင်ဒဏ်သင့်ဒေသများသို့ ငွေနှင့်ပစ္စည်းများလှူဒါန်းနိုင်ရန် အထူးဒေသတစ်အတွင်းရှိ မြို့နှင့်ခရိုင်အသီးသီးမှ အဓိက ခေါင်းဆောင်တစ်ဦး ခန့်အပ်ပြီး သဘာဝဘေးကယ်ဆယ်ရေးအဖွဲ့များဖွဲ့စည်းမည်ဖြစ်ကာ ငလျင်ဘေးသင့်ဒေသရှိ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ ကယ်ဆယ်ရေး၊စေတနာ့ဝန်ထမ်းဝန်ဆောင်မှုများ အကောင်အထည်ဖော်ရန်အတွက် ငလျင်ဒဏ်သင့်ဒေသများသို့ သွားရောက်ကူညီမည်ဟုလည်း ဆိုသည်။
စာတည်း-ML