By Hsu Yee/MPA
ပဲခူးတိုင်း ၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့ပေါ်ရပ်ကွက်ရှိ ကလေးငယ်တစ်ဦး ငလျင်ကြောင့် ထိခိုက်သေဆုံးပြီး အိမ် ၅၀ကျော် ထိခိုက်ခဲ့ကြောင်း သိရသည်။
မတ်လ ၂၈ရက်၊ မွန်းလွဲ ၁၂နာရီ ၅၁မိနစ်ကျော်တွင် မန္တလေးမြို့အနီးကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာ စကေး ၇ဒဿမ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ ကျွဲပွဲမြို့ပေါ်၊ ရွာမပိုင်းရပ်ကွက်နေ နှစ်နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး ထိခိုက်မှုရှိသည့် နေအိမ် ၅၀ ကျော်အနက် ငါးလုံးမှာ ပြိုကျပျက်စီးခဲ့ကြောင်း ကျွဲပွဲမြို့ခံတစ်ဦးထံက သိရသည်။
” ရွာမပိုင်းက ထုပ်တန်းပြိုကျပြီးသေဆုံးတာပါ။ ကလေးက အိပ်နေတာ ရုတ်တရက် ဖြစ်သွားတော့ ဘယ်သူမှလည်းအာရုံမရတော့ဘူး။ ပြိုကျသွားတုန်းက ကလေးပိနေတာလည်း မသိကြဘူး။ ငြိမ်သွားခါမှ သိကြတာ” ဟု ၎င်းက MPA သို့ပြောသည်။
ကျွဲပွဲမြို့၊ ရွာမပိုင်းရပ်ကွက် ၊ ရွာသစ်ကြီးရပ်ကွက်နှင့် ဈေးအနီးတစ်ဝိုက်တွင် နေအိမ်ပျက်စီးမှု အများဆုံးဖြစ်ခဲ့ပြီး စိတ္တသုခ ဘုန်းကြီးကျောင်းလည်း အနည်းငယ် ပျက်စီးမှုရှိကြောင်းသိရသည်။
ဒဏ်ရာရရှိသူလည်း ၁၀ဦးကျော်ရှိပြီး ကယ်ဆယ်ရေးအဖွဲ့များက တောင်ငူဆေးရုံသို့ ပို့ထားကြောင်း သိရသည်။
“ ဒီနေ့တော့ လူမှုကယ်ဆယ်ရေးတွေက မလာကြတော့ဘူး။ ထိခိုက် ဒဏ်ရာရတဲ့သူတွေကတော့ မနေ့ကပဲ အကုန် ကယ်ဆယ်ရေးနဲ့ တောင်ငူဆေးရုံရောက်ကြပြီလို့ သိထားတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ငလျင်လှုပ်ပြီးနောက်ပိုင်း မိုင်တဲလ် မှလွဲ၍ အခြား ဖုန်းလိုင်းရော အင်တာနက်လိုင်းပါ ပြတ်တောက်သွားပြီး ယနေ့ (မတ်လ ၂၉ရက်) မွန်းလွဲပိုင်းအထိ ပြန်မရသေးကြောင်းသိရသည်။
စာတည်း-ML