By Mg Dagon / MPA
မန္တလေးကိုဗဟိုပြု၍ ယမန်နေ့ ( မတ် ၂၈ ရက်)က လှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုရှိခဲ့သော နေပြည်တော်၊ မန္တလေးနှင့် တောင်ကြီးတို့ရှိ City Mart ၊ Ocean နှင့် City Care ဈေးဝယ်စင်တာများကို ရက်အကန့်အသတ်မရှိပိတ်လိုက်ကြောင်း သိရသည်။
ငလျင်ဒဏ်၏ နောက်ဆက်တွဲဆိုးကျိုးများမရှိစေရေး သေချာစေရန် စစ်ဆေးမည်ဖြစ်သည့်အတွက် ယင်းဈေးဝယ်စင်တာများအားလုံးကို ပိတ်လိုက်ခြင်းဖြစ်ပြီး ပြန်လည်ဖွင့်လှစ်နိုင်မည့်ရက်ကို အမြန်ဆုံးကြေငြာပေးမည်ဖြစ်ကြောင်း Ocean Super Center က သတင်းထုတ်ပြန်သည်။
ထိုထုတ်ပြန်ချက်နှင့်ပတ်သက်၍ ထိခိုက်ပျက်စီးမှုအခြေအနေနှင့် ဆိုင်ပြန်လည်ဖွင့်လှစ်မည့်ရက်တို့ကို MPA က Ocean Super Center ဘက်သို့ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
“Ocean က ဘေးပတ်ပတ်လည် အက်သွားတယ်။ နည်းနည်းကြီးတယ်။ ဝန်ထမ်းနဲ့ လည်ပတ်သူတွေတော့ ထိခိုက်မှုမရှိကြပါဘူး။ အခုတော့ ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီ” ဟု ထိုအခြေအနေကိုသိရှိထားသူ တောင်ကြီးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
မတ်လ ၂၈ ရက် မွန်းလွဲပိုင်းငလျင်ကြောင့် ထိခိုက်မှုအကြီးဆုံးဖြစ်သည့် မန္တလေးတွင် အဆောက်အအုံများစွာ ပြိုကျပျက်စီးခဲ့ရပြီး လူထိခိုက်/သေဆုံးမှုလည်း အများအပြားရှိနေသည့်အတွက် ယခုအချိန်ထိ ကယ်ဆယ်ရေးများလုပ်နေရဆဲဖြစ်သည်ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“လူတွေက အခုထိ မတည်ငြိမ်ကျသေးဘူး။ မိသားစု ထိခိုက်/သေဆုံးရှိတဲ့သူတွေက ပိုဆိုးတယ်။ ငလျင်ကကြီးတော့ အထပ်မြင့်တွေကတော့ အနည်းနဲ့အများတော့ ထိမှာပဲ” ဟု ၎င်းက ပြောသည်။
ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်ခန့်က မန္တလေးမြို့၏ အရှေ့မြောက်ဘက် (၂၀) ကီလိုမီတာခန့်အကွာ၊ မြေအောက်အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်ကြီးတစ်ခု လှုပ်ခပ်ခဲ့သည်။
ထို့နောက် ၁၁ မိနစ်ခန့်အကြာ နေ့လယ် ၁ နာရီ ၂ မိနစ်ခန့်တွင် အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၅ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု ထပ်မံလှုပ်ခပ်ခဲ့သည့်အပြင် နောက်ဆက်တွဲငလျင်ပေါင်း နှစ်ရက်အတွင်း ၈၅ ကြိမ်အထိ လှုပ်ခတ်ခဲ့ကြောင်း စစ်ကောင်စီမိုးဇလဌာနနှင့် ကမ္ဘာ့ငလျင်တိုင်းတာရေးစင်တာများ၏ ထုတ်ပြန်ထားချက်အရ သိရသည်။
ထိုအင်အားပြင်းငလျင်ကြောင့် စုစုပေါင်း သေဆုံးသူ ၁၀၀၂ ဦးအထိရှိလာနေပြီး ၂၃၇၆ ဦး ထိခိုက်ဒဏ်ရာရှိထားကြောင်း ယနေ့ နေ့လယ်ပိုင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထိုအထဲ မန္တလေးတိုင်းအတွင်း သေဆုံးသူ ၆၉၄ ဦး၊ ဒဏ်ရာရရှိသူ ၁၆၇၀ ဦးနှင့် ပျောက်ဆုံးနေသူ ၆၈ ဦးအထိ ရှိနေကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။
စာတည်း-ကိုဆန်း