By Ra Wai / MPA
အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့၊ဦးလှသိန်းဗိမာန်ပြိုကျခဲ့ရာ စာဖြေသံဃာ အပါး၈၀ကျော် ပျံလွန်ကြောင်း သိရသည်။
ဦးလှသိန်းဗိမာန်တွင် သံဃာအပါး၆၀၀ကျော် စာဖြေရန် မေးခွန်းဖတ်နေစဉ်မှာပင် ငလျင်လှုပ်မှု ကြောင့် သုံးထပ်တိုက် ညာဘက်တစ်ခြမ်းလုံး ပြိုကျခဲ့ကြောင်း စာဖြေသံဃာတစ်ပါး၏ ဒကာ မန္တလေးမြို့ခံထံက သိရသည်။
“ပြိုကျတဲ့ တစ်ခြမ်းလုံးမှာရှိတဲ့ သံဃာတွေ အကုန်ပါသွားတယ်။ဒီဘက်ခြမ်းကျတော့ လှေကားလည်း ရှိနေလို့ လှေကားအတိုင်းပြေးဆင်းလာကြတာ လွတ်သွားတာ”ဟု ၎င်းက MPAသို့ပြောသည်။
မတ်လ၂၈ရက်ည စာရင်းတွင်ပင် သံဃာ၈၀ကျော် ပျံလွန်တော်မူသည်ဟု သိရကြောင်းလည်း ဆိုသည်။
ပျံလွန်သွားသည့် သံဃာစာရင်းကို ယနေ့(မတ်၂၉ရက်)မွန်းလွဲပိုင်းအထိ မသိရသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။
ဦးလှသိန်းဗိမာန်တွင် ပိတ်မိနေသော သံဃာအပါး၁၀၀ကျော်ကို ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့-မန္တလေးတိုင်းဒေသကြီး ကော်မတီက မတ်လ၂၈ရက်၊ည၁၀နာရီခွဲကျော်၌ ထုတ်ပြန်ထားသည်။
စာတည်း – ML