By MPA
အင်အားပြင်းငလျင်ကြောင့် ရှေးဟောင်းအမွေအနှစ် စုစုပေါင်း ၄၀ကျော် ပျက်စီးခဲ့ကြောင်း NUG အစိုးရက ထုတ်ပြန်သည်။
ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အဓိကအားဖြင့် မန္တလေး၊ အင်းဝ၊ အမရပူရ၊ ပုသိမ်ကြီး၊ ကျောက်ဆည်၊ စစ်ကိုင်းနှင့် ရှမ်းပြည်နယ်ရှိ သက်တမ်းရှည်ကြာပြီး အထင်ကရရှိသော ရှေးဟောင်း အမွေအနှစ် အဆောက်အအုံများ၊ ရှေးဟောင်းဗုဒ္ဓဘာသာ စေတီ ၊ပုထိုး ၊ဘုန်းကြီးကျောင်းများ၊ သာသနိကအဆောက်အအုံများ၊ သဘာဝအမွေအနှစ်များနှင့် မန္တလေးတိုင်း၊ ပဲခူးတိုင်း နှင့် နေပြည်တော်ရှိ သက်တမ်းရာချီရှိသော ဗလီများအပါအဝင် ဘာသာရေးကျောင်းများ ယခုအချိန်အထိ စုစုပေါင်း ၄၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကောက်ယူသိရှိရသည်ဟု NUGအစိုးရ၊ အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့က ယနေ့(မတ်၂၉ရက်) သတင်းထုတ်ပြန် သည်။
အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့အနေဖြင့် ပျက်စီးသွားသော အမွေအနှစ်များအားလုံးအတွက် များစွာ နှမြောဝမ်းနည်းကြောင်း၊ အစ္စလာမ်ဘာသာဝင်တို့၏ ဆုံးရှုံးမှုများနှင့် နိုင်ငံသားတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ပျက်စီးခြင်းအပေါ် လွန်စွာ စာနာ ကြေကွဲကြောင်း၊ ပျက်စီးသွားသောအမွေအနှစ်များ နိုင်ငံတကာထုံးတမ်းများနှင့်အညီ ပြည်လည်ထူထောင်ရေးအတွက် ရရှိနိုင်သမျှနည်းလမ်းများနှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်သည်။