By Poesangle / MPA
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးဒေတွင် ငလျင်ဒဏ်ကြောင့် ပြည်သူလေးဆယ်ခန့်သေဆုံးခဲ့ကာ စစ်ကောင်စီက မည်သည့်အကူအညီမှမပေးသေးကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယမန်နေ့(မတ် ၂၈ရက်) ၊ မွန်းလွဲ တစ်နာရီခန့်က မန္တလေးတိုင်းကို ဗဟိုပြုလုပ်ခတ်ခဲ့သည့် အင်အားရစ်ချ်တာစကေး ၇ဒဿမ ၇ ရှိငလျင်ကြောင့် ညောင်ရွှေမြို့နယ် ရှိ ကျေးရွာခုနှစ်ရွာရှိ နေအိမ် ၇၅ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ရသည့်အပြင် လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းများဖြစ်ပေါ်ခဲ့သည်။
“ မနေ့ည ၁၀နာရီအထိ သေဆုံးတဲ့သူ ၃၇ယောက်ရှိပြီ၊ အင်းလေး၊ ကေလာ၊ နန်းပန်၊ ဇရပ်ကြီး၊ သလဲဦး၊ ကြာတော၊ ရွာမှ စတဲ့ရွာတွေ အထိများတယ်။ အိမ်ခြေ ၇၅ ရာခိုင်နှုန်းလောက် ပျက်စီးသွားတယ်။ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း အကုန်ပျက်စီးသွားတယ်။ ဒီနေ့မနက်အထိ ကူညီမဲ့သူတွေရောက်မလာသေးဘူး။ အချင်းချင်းပဲကူညီနေရတယ်။ စားစရာလည်းမရှိဘူး ” ဟု အင်းလေးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့ပြင် ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူများနှင့် ထိခိုက် ဒဏ်ရာရရှိသူများကို နန်းပန်ဆေးရုံသို့ ပို့ဆောင်ထားပြီး အချို့ရုပ်အလောင်းများကို မီးသင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
လက်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းသည် ထိခိုက်ပျက်စီးမှုနှင့် လူသေမှုအများဆုံးဖြစ်ပြီး စစ်ကိုင်း၊ ပဲခူး၊ ရှမ်းပြည်နယ်၊ နေပြည်တော်နှင့် ရန်ကုန်တိုင်းတို့တွင်လည်း ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။
ငလျင်သည် အင်အားအလွန်ပြင်းထန်ခြင်းကြောင့် မြန်မာနိုင်ငံအပြင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ပါ သက်ရောက်မှုရှိခဲ့ပြီး အဆိုပါနိုင်ငံနှစ်ခု၌ အထပ်မြင့်တိုက်များ ပြိုကျခဲ့မှုကြောင့် လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့မှုများလည်းရှိသည်။
“ နန်းပန်စျေးလည်း ရွှေ့ထားတယ်။ လုံခြုံတဲ့နေရာကို ရွှေ့လိုက်တာ၊ သေဆုံးတဲ့အရေအတွက်ကို သိရပေမဲ့ ဒဏ်ရာသူ အရေအတွက်ကိုတော့ သေချာမသိရသေးဘူး။ များလာနိုင်တယ်။ ဒီနေ့မနက်လည်း ဆက်လက်ကူညီရေးတွေ လုပ်ဆောင်နေပါတယ် ” ဟု ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် အမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသ ဆီဆိုင်မြို့တွင်လည်း ငလျင်လှုပ်ခတ်မှုနောက်ဆက်တွဲအဖြစ် ရေလမ်းကြောင်းများ ပြောင်းလဲသွားပြီး ရေတွင်းရေအိုင်များမှ ရေထွက်နည်းပါးလာသည့်အတွက် ဒေသခံများ ရေအခက်အခဲကြုံတွေ့လာနိုင်ကြောင်း ဆီဆိုင်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“ ထိခိုက်မှုတော့မရှိဘူး။ ငလျင်ကြောင့် ဆီဆိုင်မြို့ရဲ့ တစ်ခုတည်းသော တွင်းထွက်ရေက သိသိသာသာကိုလျော့ကျသွားတယ်။ ရေစစ်ကန်ထဲကိုလည်း ရေမဝင်တော့ဘူး။ ခန်းသွားတယ်။ မြို့ပေါ်ကော၊ ကျေးရွာဘက်မှာကော ရေအခက်အခဲကြုံလာနိုင်တယ် ” ဟု ၎င်းက ပြောသည်။
အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရှမ်းအရှေ့၊ ပဲခူးနှင့် ရန်ကုန်တို့ကို စစ်ကောင်စီ က အရေးပေါ်ကြေညာခဲ့ပြီး နောက်ဆက်တွဲငလျင်များ ဆက်လက်လှုပ်ခတ်နိုင်ခြင်းကြောင့် ပြည်သူများအနေဖြင့် ဘေးလွတ်ရာနေရာများ၌ နေထိုင်ကြရန်လည်း နှိုးဆော်ထားသည်။
စာတည်း-ကိုဆန်း