By MPA
ယမန်နေ့(မတ် ၂၈ရက်)က မန္တလေးတိုင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် အဆိုပါတိုင်းအတွင်း သေဆုံးသူ ၆၉၄ ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၆၇၀ဦးနှင့် ပျောက်ဆုံးနေသူ ၆၉ ဦးရှိကြောင်း စစ်ကောင်စီက ယနေ့တွင် ထုတ်ပြန်ထားသည်။
ထို့ပြင် အသေးစိတ်စာရင်းအား ဆက်လက်ကောက်ယူနေကြောင်းလည်း စစ်ကောင်စီက ဆိုထားသည်။
ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုအများဆုံးသည် မန္တလေးတိုင်းဖြစ်ပြီး စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း မန္တလေးမြို့သို့ ရောက်ရှိကာ ၎င်း၏ အစိုးရအဖွဲ့နှင့် တွေ့ဆုံနေကြောင်း ထုတ်ပြန်ထားသည်။
သို့သော် ငလျင်လှုပ်ခတ်ပြီးခြင်း စစ်ကောင်စီက ထိရောက်သည့် အကူအညီပေးမှုများ မရှိခြင်းနှင့် ပတ်သက်ပြီး ဒေသခံများကလည်း ဝေဖန်မှုများရှိနေသည်။
ယမန်နေ့ကလှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် သာသနိကအဆောက်အအုံများ၊ ဗလီများ၊ ဟိုတယ်များ၊ နေအိမ်များ ပြိုကျပျက်စီးခဲ့ရပြီး လက်ရှိအချိန်ထိ အဆောက်အအုံပျက်များ၌ ပိတ်မိနေသူအများအပြားလည်းရှိနေသည်။
စစ်ကိုင်းပြတ်ရွေ့မှ လှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သည့် ငလျင်သည် မြေသားပြတ်ရွေ့ရှည်လျားကျယ်ပြန့်နေသည့်အတွက် နောက်ဆက်တွဲ ငလျင်ကြီးများ လှုပ်ခတ်နိုင်သေးကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံမြေငလျင်ကော်မတီက မတ် ၂၈ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။