By Ra Wai / MPA
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် ငလျင်ဒဏ်ကြောင့် ဘုန်းကြီးနှစ်ပါး အပါအဝင် ၃၆ဦးသေဆုံးပြီး ၇၀ခန့်ဒဏ်ရာရရှိခဲ့ကြောင်း လတ်တလောအတည်ပြုနိုင်သည်ဟု Voice Of Wundwin က ဆိုသည်။
မတ်လ ၂၈ရက်၊ မွန်းလွဲ ၁၂နာရီ ၅၁မိနစ်ကျော်တွင် မန္တလေးမြို့အနီးကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာ စကေး ၇ဒဿမ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ ဝမ်းတွင်းမြို့တောင်ဘက်အထွက်ရှိ ချည်စက်ပြိုကျ ပြီး ခုနှစ်ဦးသေဆုံးကာ၊ ၁၇၀ခန့်ဒဏ်ရာရရှိခဲ့ကြောင်း၊ မြို့ပေါ်အဆောက်အအုံ များပြိုကျ၍ ရှစ်ဦး၊ သိမ်တောင်ဘုန်ကြီးကျောင်းမှ ဘုန်းကြီးနှစ်ပါး၊ သဲတောမြို့ပေါ်မှ ၁၀ဦး၊ မြောက်ဇဂျမ်းကုန်း ဘုန်းကြီးကျောင်းဟောင်း ပြိုကျပြီး နှစ်ဦး၊ ကျွဲသားရွာမှ လေးဦး၊ ခင်ကြီးရွာမှ တစ်ဦး၊ တဲစုရွာမှ တစ်ဦးနှင့် ထီးလှိုင်ရွာမှ တစ်ဦးတို့ သေဆုံးခဲ့ကြောင်း Voice Of Wundwin အဖွဲ့ထံက သိရသည်။
” ပုံထဲကအတိုင်းအဆောက်အအုံကြီးပြိုကျတာလေ။ ကြည့်ရတာ ငလျင်လှုပ်တာကိုထွက်မပြေးကြတာနေမယ်။အဆောက်အအုံပြိုတာတွေနဲ့ လူတွေဒဏ်ရာရတာ မရေနိုင်ဘူး။ လိုင်းတွေမရလို့ဗျ။ လူတွေထပ်တိုးဦးမှာ မနည်းဘူး” ဟု Voice Of Wundwinအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ဝမ်းတွင်း မြို့နယ်၌ လူမှုရေးအသင်း နည်းပါးသဖြင့် သေဆုံးသူများကိုသာ အဓိကသယ်ထုတ်နေကြောင်း ၎င်းကပြောသည်။
” သေဆုံးတွေပဲ လိုက်သယ်နေတာတွေ့တယ်။ ကူညီရေးအသင်းလည်း သိပ်မှမရှိတော့တာ” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်း ထိခိုက်၊ သေဆုံးစာရင်းသည် လက်တလောအတည်ပြုနိုင်သည့် စာရင်းများသာဖြစ်ပြီး မြေပြင်၌ ထိုစာရင်းထက် ပိုများနိုင်ကြောင်းသိရသည်။
ငလျင်ဒဏ်ကြောင့် ခင်ကြီး(စံပြ)ရွာရှိ အဂ္ဂဂုဏ်ရည် အရှေ့တောင်ကျောင်းတိုက်၌ ရှေးဟောင်းစေတီ ခုနှစ်ဆူ၊ တံခွန်တိုင်နှင့် အုတ်တံတိုင်းများလည်း ပြိုကျပျက်စီးခဲ့ကြောင်းသိရသည်။
မန္တလေးတိုင်းတွင် ငလျင်ကြောင့် သေဆုံးသူဦးရေ ၆၉၄ ဦး ရှိပြီး ဒဏ်ရာရရှိသူ ၁၆၇၀ ရှိကြောင်း စစ်ကောင်စီ က မတ်လ ၂၈ ရက်၌ ထုတ်ပြန်ထားသည်။
စာတည်း-ML