By Wadi/MPA
အင်အားပြင်း ငလျင်လှုပ်ခတ်ပြီး အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် ရန်ကုန်မြို့နေ ပြည်သူ များ ရေအခက်အခဲများကြုံတွေ့နေကြရသည်။
၂၀၂၅ မတ် ၂၈ရက် ၁၂နာရီ ၅၀မိနစ်ကျော်တွင် ပြင်းအား ၇.၇ ရစ်ချက်စတာစကေးရှိ ငလျင်လှုပ်ခြင်းနှင့် နောက် ဆက်တွဲငလျင်များ လှုပ်ခတ်ပြီးနောက် လျှပ်စစ်မီးပြတ်တောက်မှုကို မြန်မာပြည်သူများ ကြုံတွေ့ နေကြရသည်။
လူဦးရေထူထပ်၍ အထပ်မြင့်အဆောက်အဦးများပြားသော ရန်ကုန်မြို့တွင်လည်း လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်မှုဖြစ်နေသည်။
မြို့နယ် အချို့တွင် မိနစ်ပိုင်းခန့် မီးခေတ္တလာပြီး ပြန်ပျက်ခြင်းများရှိနေကြောင်း သိရသည်။
အထပ်မြင့် တိုက်ခန်းများတွင် နေထိုင်သော ပြည်သူများအနေဖြင့် ရေစက်မောင်းရန်နှင့် ရေတင်ရန်အတွက် လုံလောက်သော မီးပေးချိန် မရှိသဖြင့် သုံးရေရရှိရန် အခက်အခဲများ ဖြစ်နေကြကြောင်း စုံစမ်းသိရှိရ သည်။
“ငလျင်လှုပ်တဲ့နေ့(မတ် ၂၈ရက်) မနက် ၉နာရီထဲက မီးက ပြတ်သွားတာ။ အခုဆို မီးပြတ်တာ ၂၄နာရီကျော်ပြီ။ သုံးစရာရေလုံးဝ မရှိတော့ဘူး။ အဝီစီတွင်းဆိုတော့ မီးလာမှ ရေစက်နဲ့မောင်းတင်ရတာလေ။ မီးက မလာတော့ ရေလည်း မောင်းလို့မရဘူး။ အခုဆို ရေချိုးဖို့မပြောနဲ့ ထမင်းဟင်းချက်ဖို့နဲ့ အိမ်သာတက်ဖို့တောင် ရေမရှိတော့ ဘူး။ ဒီလိုသာ ရက်ရှည်မီးပျက်နေမယ်ဆိုရင် တော်တော် ဒုက္ခများနိုင်တယ်”ဟု ရန်ကုန်မြို့ တာမွေမြို့နယ် ၇လွှာ တွင် နေထိုင်သူ တစ်ဦးက ပြောသည်။
ရေပိုက်ခေါင်းဖွင့်လျှင် ဂျိုးဖြူရေ ရရှိသူများအနေဖြင့် ရေသုံးစွဲရန် အခက်အခဲမရှိသော်လည်း ဂျိုးဖြူရေကို လျှပ်စစ်မော်တာဖြင့် မောင်း၍ ရေတင်နေရသူများ၊ ဂျိုးဖြူရေ မရရှိသော မြို့နယ်များရှိ ပြည်သူများမှာ မီး မလာသဖြင့် ရေသုံးစွဲရန် အခက်အခဲဖြစ်နေကြသည်။
“မီးလာတဲ့ အချိန်လေး ရေမောင်းမလို့ ညက မအိပ်ဘဲ စောင့်နေတာ တစ်ညလုံးလည်း မီးမလာဘူး။ အိမ်မှာက ဂျိုးဖြူရေမရှိဘူး။ အဝီစီတွင်းရေကိုပဲ အားကိုးနေရတာ မီးက လုံးဝမလာတော့ ရေလည်း တင်မရဘူး။ အဝတ် လျှော် ရေချိုးဖို့ရေမပြောနဲ့ ထမင်းဟင်းချက်ဖို့တောင် မရှိတော့ဘူး”ဟု တောင်ဒဂုံမြို့နယ်တွင် နေထိုင်သူ ဒေါ် မြင့် မြင့်စန်းက ပြောဆိုသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က မြေငလျင်ဒဏ်ကြောင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ် ပို့လွှတ်လျက်ရှိသော ဓာတ်အားပေးစက်ရုံ၊ ခွဲရုံနှင့် ဓာတ်အားလိုင်းများ၏ ဓာတ်လွှတ်
ပစ္စည်းများ ချို့ယွင်းပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
မတ် ၂၉ရက် နံနက် ၅နာရီမှစ၍ ရန်ကုန်တိုင်းတွင် ၂၄နာရီအတွင်း အုပ်စု ခြောက်စုခွဲ၍ တစ်စုလျှင် လျှပ်စစ်မီး ၄နာရီနှုန်းခန့်သာ ရေတင်နိုင်ရန် ဓာတ်အားဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း YESC က ကြေညာထားသည်။
YESC ၏ တစ်ရက်လျှင် ၄နာရီနှုန်းဖြင့် လျှပ်စစ်မီးပေးမည်ဟု ကြေညာထားသော်လည်း မီးလာချိန်တွင် လူအများအပြား ရေစက်မောင်းလေ့ရှိရာ မီးဆွဲအား များ၍ မီးပျက်မှုများလည်း ရှိနိုင်သဖြင့် ရေရှည်တွင် အဆင်မပြေနိုင်ကြောင်း မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်သော ကိုမျိုးမင်းက သုံးသပ်ပြောဆိုသည်။
“မီးလာပြီဆိုတာနဲ့ ရေစက်မောင်း၊ ဖုန်းအားသွင်း၊ ရှိသမျှ လျှပ်စစ်ပစ္စည်း မှန်သမျှကို အလုအယက် အားသွင်းရ တာ။ လျှပ်စစ်သုံးစွဲအား အရမ်းများလာတော့ ပေးတဲ့အားနဲ့ သုံးတဲ့အား မခံနိုင်တော့လို့ မီးပြန်ပျက်သွားတတ် တယ်။ အဲ့လိုနဲ့ ပျက်လိုက် လာလိုက်တွေ ဖြစ်နေတာပဲ။ မီးလာတဲ့အချိန်ခဏလေးမှာ ကိုယ့်မိသားစု အဆင်ပြေအောင် လျှပ်စစ်သုံးစွဲရတာဆို တော့ ဒီလိုပဲ ဖြစ်နေမှာပဲလေ။ ရေရှည်မှာတော့ တစ်ရက် ၄နာရီကလည်း အဆင်မပြေနိုင်ဘူး” ဟု ကိုမျိုးမင်းက သုံးသပ်ပြောဆိုသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက မတ် ၂၉ရက် နံနက် ၅နာရီကျော်တွင် မြို့နယ်အချို့တွင် လျှပ်စစ်သုံးစွဲ၍ ရပြီဖြစ်သော်လည်း မီးသုံးစွဲမှုကို တပြိုင်နက်တည်း မပြုလုပ်ကြရန် မေတ္တာရပ်ခံထားသည်။
စာတည်း – ကိုဆန်း