By MPA
မလေးရှား၊ တရုတ်၊ စင်္ကာပူ၊ အိန္ဒိယ၊ တိုင်ဝမ် ကယ်ဆယ်ရေးအဖွဲ့တွေ မြန်မာပြည်ကိုလာနေသလို တစ်ချို့လဲရောက်နကြပါပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းများကဆိုသည်။
ဒေသစံတော်ချိန် မတ်လ ၂၉ ရက် မနက် ၇:၁၀ တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးဆေးကုသ မှုအဖွဲ့ဝင် ၃၇ ဦး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။
အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံ၏ ငလျင်ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် အချိန်မီ အရေးပေါ်ကူညီရန် ညဉ့်နက်အထိ ခရီးဆက်လာကာ ငလျင်ဖြစ်ပြီး ၁၈ နာရီအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ရှိလာသော အပြည်ပြည်ဆိုင်ရာကယ်ဆယ်ရေးအဖွဲ့ ဖြစ်သည်။
အဖွဲ့ဝင် ၃၇ ဦးပါ တရုတ်နိုင်ငံယူနန်ပြည်နယ်ကယ်ဆယ်ရေး ဆေးကုသမှုအဖွဲ့သည် ကူမင်း Changshui အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အသက်ကယ်ကိရိယာ(Life detector)များ၊ ငလျင်ကြိုတင်သတိပေးစနစ်(Earthquake early warning system)များ၊ ခရီးဆောင်ဂြိုလ်တု(portable satellite)များနှင့် ဒရုန်းများ အပါအဝင် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ စုစုပေါင်း ၁၁၂ စုံသယ်ဆောင်ပြီး မြန်မာနိုင်ငံသို့ ထွက်ခွာလာခဲ့သည်။
ကယ်ဆယ်ရေးအဖွဲ့သည် ပျက်စီးဆုံးရှုံးမှုများသော နေပြည်တော်သို့ အမြန်သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည်ဖြစ်သည်။
ရုရှား၏ အရေးပေါ်အခြေအနေဝန်ကြီးဌာနသည် ငလျင်ကြောင့်ဖြစ်ပေါ်သော အကျိုးဆက်များကို ကိုင်တွယ်ဖြေရှင်းရန် ကယ်ဆယ်ရေးဝန်ထမ်း များနှင့် ဆရာဝန်များပါဝင်သော ကယ်ဆယ်ရေး လေယာဉ် ၂ စီးကို မြန်မာနိုင်ငံသို့ စေလွှတ်လိုက်ပြီဖြစ်သည်။
မြန်မာနိုင်ငံသို့စေလွှတ်သည့်ပေါင်းစပ်တပ်ဖွဲ့တွင် “ Centrospas” လေကြောင်းကယ်ဆယ်ရေးတပ်ဖွဲ့နှင့် အထူးအန္တရာယ်များကို ကိုင်တွယ်သည့် “ Leader” စင်တာမှ ကယ်ဆယ်ရေးဝန်ထမ်း (၁၂၀) ပါဝင်ပါသည်။
၎င်းတို့နှင့်အတူ အပျက်အစီးအောက်တွင် ပိတ်မိနေသူများကို ရှာဖွေရန် အထူးလေ့ကျင့်ထားသော ခွေး အဖွဲ့များ၊ အရေးပေါ်အခြေအနေဝန်ကြီးဌာန မှ မေ့ဆေးဆရာဝန်များနှင့် စိတ်ပညာရှင်များလည်း ပါဝင်ပါသည်။
မြန်မာနိုင်ငံသို့ သွားရောက်သည့် ရုရှားကယ်ဆယ်ရေးအဖွဲ့သည် သဘာဝဘေးအန္တရာယ်များ (အထူးသဖြင့် ပြင်းထန်သောငလျင်များ) ၏ အကျိုးဆက်များကို ကိုင်တွယ်ဖြေရှင်းရာတွင် ကြီးမားသောအတွေ့အကြုံရှိသည်။
၎င်းတို့သည် အခက်ခဲဆုံးသော အခြေအနေများတွင်ပင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် အဆင်သင့်ဖြစ်နေပြီး၊ အပျက်အစီးအောက်တွင် ပိတ်မိနေသူများကို ရှာဖွေကယ်တင်ရန် လိုအပ်သော ကိရိယာများဖြင့် အပြည့်အစုံပါရှိသည်။
ငလျင်ကယ်ဆယ်ရေး အတွေ့အကြုံများသည့် ကိုရီးယား၊ ဂျပန် နှင့် တူရကီ အဖွဲ့များအပြင် အမေရိကန်အဖွဲ့များလည်း လာဖို့ရှိကြောင်း နိုင်ငံတကာသတင်းများအရသိရသည်။