ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ ကျေးရွာများတွင် ကလေးငယ်များကို အခြေခံပညာသင်ကြားပေးရေးအတွက် ဆရာ၊ ဆရာမများ လိုအပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
မြောက်ဦးမြို့ကို ၂၀၂၃ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ AA က ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အဆိုပါစစ်ဘေးရှောင်များ၌ ကျောင်းနေအရွယ် ကလေးငယ်များလည်းပါဝင်သည်။
အဆိုပါ ကလေးငယ်များကို အထက်တန်းအောင်မြင်ပြီးထားသူများက ထိုက်သင့်သည့် အခကြေးငွေဖြင့် အခြေခံပညာသင်ကြားပေးနေသော်လည်း ဆရာ၊ ဆရာမ အင်အားနှင့် ကျောင်းသူ၊ ကျောင်းသားအရေအတွက် မမျှမတ ဖြစ်နေကြောင်း မြောက်ဦးမြို့နယ်၊ မကျားဆည်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
“ရွာမှာက စာသင်ကျောင်းရှိပေမဲ့ ဆရာ၊ ဆရာမတွေ မရှိဘူး။ စုစုပေါင်း ကလေးတွေ KG တန်းကနေ လေးတန်းအထိ လူ ၄၀လောက်တော့ရှိပါတယ်။ သူတို့တွေကို စာနဲ့ မဝေးအောင် မြန်မာစာဖတ်တတ်အောင်တော့ သင်ကြားပေးနေတာရှိပါတယ်။ ကလေးတိုင်းကတော့ လာမတက်နိုင်ကြဘူး” ဟု ၎င်းက ပြောသည်။
လက်ရှိ AA ထိန်းချုပ်ထားသည့် မြို့နယ်များ၌ စစ်ကောင်စီ၏ ပညာရေးယန္တရား လည်ပတ်မှုမရှိတော့သည့်တွက် ၂၀၂၄ခုနှစ်၊ ဇူလိုင်လမှ စတင်ကာ ဆရာ၊ ဆရာမများသည် သင့်တော်သော အခကြေးငွေများရယူကာ ကိုယ်ထူကိုယ် ထစနစ်ဖြင့် ကလေးငယ်များ စာဖတ်တတ်ရန် သင်ကြားမှုများ ပြုလုပ်ပေးနေခြင်းဖြစ်သည်။
ထို့ပြင် မြောက်ဦးမြို့နယ်၊ ခြိတ်ချောင်းကျေးရွာ အုပ်စု၊ စာပေါင်ရွာတွင်လည်း စာမသင်ကြားရသည့် ကလေးငယ် ၂၀ ဦးခန့်ရှိကြောင်း ရန်ကုန်မြို့သို့ စစ်ရှောင်လာသည့် မြိုတိုင်းရင်းသားများထံမှ စုံစမ်းသိရှိရသည်။
“ ကျတော်တို့ ခူလိုင်ရွာကနေ စာပေါင်ရွာကိုသွားဖို့ဆိုရင် တောင်တွေကျော်ပြီး သွားရတယ်။ မနက်အစောကြီး ခြေလျင်သွားရင် နေ့လယ် ၁၂နာရီလောက်တော့ရောက်တယ်။ မြောက်ဦးကနေဆို ကုန်းကြောင်း၊ရေကြောင်းနဲ့သွားရင် နှစ်နာရီလောက်သွားရတယ်။ ရွာမှက စာပြပေးမဲ့ ဆရာ၊ ဆရာမတွေမရှိတော့ဘူး။ အရင်တုန်းက တာဝန်ကျခဲ့တဲ့ သူတွေလည်း ရန်ကုန်ဖက်ကို စစ်ရှောင်သွားကြတယ်။ ကလေးတွေက ၁၀နှစ်၊ ၁၁နှစ်ဖြစ်လာပြီ၊ အသက်ကကြီးလာတယ်။ တချို့ဆို့ မြန်မာစာတောင် မဖတ်တတ်ကြဘူး ” ဟု ၎င်းက ရှင်းပြသည်။
မြောက်ဦးမြို့နယ်ရှိ ကျောက်ဆည်ပြင်၊ ရန်အောင်ပြင်၊ ကြာကန်၊ မကျားဆည်၊ ကြပ်စင်၊ ခူလိုင်၊ နေပူခံ၊ ဂူတစ်လုံးကျ နှင့် စာပေါင်ကျေးရွာများရှိ ငွေကြေးတတ်နိုင်သည့် မိဘများသည် ကလေးငယ်များ မြန်မာစာဖတ်တတ်စေရန်အတွက် ဆရာ၊ ဆရာမများကို အခကြေးငွေပေး၍ သင်ကြားခိုင်းနိုင်သော်လည်း အချို့မိဘများသည် ငွေကြေးကျပ်တည်းမူကြောင့် ကလေးငယ်များကို စာသင်ကြားပေးနိုင်မှုမရှိပေ။
“ ခူလှိုင်ရွာမှာဆိုရင် ခရစ်ယာန်ဓမ္မဆရာတွေက အခမဲ့သင်ကြားပေးတာတွေ၊ စာသင်ခ အနည်းငယ်ယူပြီး သင်ပေးတာတွေတော့ရှိတယ်။ အဲ့ဒီရွာတွေမှာ ကလေးတွေက ခရစ်ယာန်ကျောင်းမှာ သင်ကြတာတွေတော့ရှိတယ်။ အတန်း ပညာတော့မဟုတ်ဘူးပေါ့၊ မြန်မာစာဖတ်တတ်အောင် သင်ပေးတာပါ၊ မကျားရွာမှာက မူလတန်းကနေ လေးတန်းအထိ တစ်ယောက်ကို ကျပ် နှစ်သောင်းပေးရတယ်။ တချို့မိဘတွေကတော့ ကျောင်းထားပေးတယ်။ တချို့မိဘတွေကတော့ ကျောင်းလခဖိုးတောင် အနိုင်နိုင်ဆိုတော့ ကျောင်းမထားပေးနိုင်ကြဘူး။ ကြပ်စင်ရွာမှာလည်း စာမသင်နိုင်ကြတဲ့ ကလေးသူငယ်တွေများပါတယ် ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် ၂၀၂၃ခုနှစ်၊ မေလက ရခိုင်ပြည်နယ်သို့ ဝင်ရောက်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် စာသင်ကျောင်းများ ပျက်စီးခဲ့ပြီး ပြန်လည်ပြုပြင်ရန် ထိုစဉ်က စစ်ကောင်စီ၏ ထွေအုပ်ရုံးများသို့ တင်ပြခဲ့သော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ခဲ့ခြင်းမရှိကြောင်း ဒေသခံများက ဆိုသည်။
“ ရမ်းချောင်းဒေသမှာရှိတဲ့ စာသင်ကျောင်းတွေက မိုခါမုန်တိုင်းကြောင့် အကုန်လုံးပျက်စီးကုန်တယ်။ ဓာတ်ပုံတွေ၊ စာရင်းတွေအကုန်လုံးကို ထွေအုပ်ရုံးကို တင်ပြခဲ့တယ်။ ဒါပေမဲ့ သူတို့ဘက်က အကြောင်းပြန်ကြားတာမရှိခဲ့ဘူး။ အကုန်လုံးကို ကိုယ်ထူကိုယ်ထ စနစ်နဲ့ ပြုပြင်ခဲ့ရတယ်။ တချို့စာသင်ကျောင်းတွေက အခုထိ မပြီးမပြတ်ဘဲ ဒီတိုင်းရှိနေပါတယ် “ ဟု ရမ်းချောင်းဒေသမှ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
အလားတူ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသတွင်ရှိသည့် တောင်မင်းကုလားကျေးရွာမှလွှဲ၍ မြို့ပေါ်နှင့် ဝေးလံခေါင်းပါးသည့် ပညာဝ၊ ငစွယ်၊ ကြိမ်ချောင်း၊ မင်ခုံချောင်း၊ ပန်းဖဲချောင်း စသည့် ကျေးရွာများတွင်လည်း ဆရာ၊ ဆရာမများမရှိ၍ ဒေသခံကလေးသူငယ်များမှာ အခြေခံပညာတတ်မြောက်ရေးအတွက် အလှမ်းဝေးကွာလျက်ရှိနေသည်။
“၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ စစ်ဖြစ်ကတည်းကနေ ဒီဒေသက လူတွေက တိုက်ပွဲဒဏ်ရော၊ မြေမြှုပ်မှိုင်းဒဏ်ရော၊ အလူးအလဲခံကြရတာ၊ အဲဒီဒေသကို ကျောက်တော်မြို့ကနေသွားမယ်ဆိုရင် ကုန်းကြောင်း၊ ရေကြောင်းနဲ့ သုံးနာရီလောက်သွားရတယ်။ ဖုန်းလိုင်းကလည်း မရ၊ စာသင်ပေးမဲ့ ဆရာ၊ ဆရာမတွေကလည်း မရှိတော့ ကလေးတွေအနေနဲ့ စာမသင်ကြရဘူး” ဟု ရန်ကုန်သို့ စစ်ရှောင်လာသည့် ယိုးချောင်းဒေသခံတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော်(AA) နှင့် စစ်ကောင်စီတို့ ပြန်လည်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဒေသခံပြည်သူများမှာ အိုးအိမ်စွန့်ခွာကာ အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ULA/HDCO ၏ စာရင်းများအရ ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် ခြောက်သိန်းကျော် အထိတိုးလာကြောင့် သိရသည်။
ထို့အပြင် UNICEF Myanmar ၏ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ငါးရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာများအရ မြန်မာနိုင်ငံတွင် နိုင်ငံလူဦးရေ စုစုပေါင်း၏ ၃၅ ရာခိုင်နှုန်းခန့်ဖြစ်သည့် ၁၉ဒဿမ၉ သန်းသော ပြည်သူများမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အလွန်အမင်းလိုအပ်လျက်ရှိနေပြီး ၎င်းတို့တွင် မြန်မာနိုင်ငံ၏ သုံးပုံတစ်ပုံခန့် ကလေးငယ် ၆ဒဿမ၄ သန်း ပါဝင်နေကြောင်းသိရသည်။