MPA Editorial
အကြမ်းဖက်စစ်တပ်က နိုင်ငံတော်အာဏာကို အတင်းအကြပ်လုယူပြီးသည့် ဖေဖော်ဝါရီလ၏ ပထမပတ် ပြီးနောက်ပိုင်းကာလများတွင် တစ်နိုင်ငံလုံးမှ ပြည်သူလူထုသည် လမ်းများပေါ်တွင် ညီညီညွတ်ညွတ် ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။
တစ်ဦးဦးက “တို့ပြည်သူတွေရဲ့ ညီရဲ့လားဟေ့”ဟု ဟစ်ကြွေးလိုက်လျင် “ညီတယ်ဟေ့၊ ညီတယ်ဟေ့” ဆိုသည့်အသံက လမ်းလုံးပြည့်ပင်။
ကတ္တရာလမ်းမများပေါ်မှ လူအုပ်ကသာမက နေအိမ်များပေါ်မှပါ လိုက်ပါဟစ်ကြွေးခဲ့ကြခြင်းဖြစ်သည်။
ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို အကြမ်းဖက် ရိုက်နှက်ဖမ်ဆီးခြင်း၊ ပစ်ခတ်ဖြိုခွဲခြင်းများ ကြုံလာပြီးသည့် နောက်တွင် လမ်းမပေါ်တွင် ဆန္ဒပြမှုများကို တက်ကြွလှုပ်ရှားသူ အဖွဲ့များကသာ ပြောက်ကျား လုပ်လာနိုင်ခဲ့သည်။
သို့သော်လည်း တော်လှန်ရေးခရီးတွင် ပြည်သူတွေသည် ညီညွတ်နေဆဲဖြစ်သည်။
တို့ပြည်သူတွေညီရဲ့လားဟေ့ဆိုသည့် ကြွေးကြော်သံကို တိုင်ပင်ခေါ်သံ မကြားရဘဲနှင့်ကို ပြည်သူလူထု၏ ညီညွတ်မှုကို မြင်တွေ့ရသည်။
ရန်ကုန်မြို့ ၏ နာမည်ကျော် လူစည်ကားရာနေရာ တစ်ခုဖြစ်သည့် မြန်မာပလာဇာတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်နေ့က တက်ကြွလှုပ်ရှားလူငယ်အချို့က အကြမ်းဖက်စစ်တပ်နှင့် ဆက်နွယ်နေသည့် ဘတ်စ်ကားလိုင်းများ အသုံးမပြုရေး ဆန္ဒပြ လှုံ့ဆော်မှု တစ်ခုကို ပြုလုပ်ခဲ့သည်။
ဆယ်ဂဏန်းမျှသော ထိုလူငယ်စုကို မြန်မာပလာဇာ လုံခြုံရေးအဖွဲ့က ဝိုင်းဝန်းထိုးကြိတ်၊ ရိုက်နှက်၊ ကန်ကျောက်ပြီး ဖမ်းဆီးခဲ့သည်။ ထိုခဏမှာပင် မြန်မာပလာဇာရောက်နေသူ ပြည်သူလူထုက ဖိအားပေးပြန်လည် လွှတ်စေခဲ့နိုင်သည်။
ထိုမျှမကသေးဘဲ မြန်မာပလာဇာကို ဝိုင်းပယ်ရှောင်ကျဉ်စရာ နေရာတစ်ခုအဖြစ် သပိတ်မှောက် (ဘွိုင်းကောက်) လုပ်ရန် နေ့ချင်း လှုံ့ဆော်မှုများ ပလူပျံတက်လာခဲ့သည်။ တော်လှန်ရေးအဖွဲ့အချို့ကလည်း မြန်မာပလာဇာကို ဦးတည်ထားသည့် ကြေညာချက်အချို့ထွက်ပေါ်လာသည်။
နောက်တစ်နေ့တွင်ပင် မြန်မာပလာဇာတွင် ဆိုင်ခန်းငှားရမ်းထားသူများက ၎င်းတို့၏ ဆိုင်များကို ယာယီပိတ်ထားကြောင်း သို့တည်းမဟုတ် အပြီးရွှေ့ပြောင်းကြောင်း ထုတ်ပြန်လာကြသကဲ့သို့ မြန်မာပလာဇာကို ဝန်ဆောင်မှုပေးနေသည့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများမှအစ အိုင်တီဝန်ဆောင်မှု လုပ်ငန်းများအထိ ၎င်းတို့အနေဖြင့် ဝန်ဆောင်မှုများ ဆက်မပေးတော့ကြောင်း ထုတ်ပြန်လာခဲ့ရသည်။
ယုတ်စွအဆုံး တက္ကစီသမားအချို့ကပင်လျင် မြန်မာပလာဇာဆိုလျင် တက္ကစီမပို့ပေးနိုင်ကြောင်း ငြင်းပယ်လာပြီး အစားအသောက်ပို့ဆောင်ရေးလုပ်ငန်းများက အစားအသောက်မပို့ဆောင်ပေးတော့ကြောင်း ကြေညာခဲ့သည်။
မြန်မာပလာဇာသည် နေ့ချင်းညချင်း ဆိုင်ခန်းများပိတ်ပြီး လူသူကင်းမဲ့ရာ နေရာ ဖြစ်သွားခဲ့ရသည်။
အာဏာရှင် အကြမ်းဖက်စစ်တပ်၏ ပြင်းထန်သော ဖိနှိပ်မှုအောက်မှာပင် ပြည်သူလူထုသည် တော်လှန်ရေးအတွက် ကျရာနေရာက ပါဝင်ရန် အသင့်ဖြစ်နေသည်ကို ချက်ချင်းဖော်ပြနိုင်ခဲ့သည့် လှုပ်ရှားမှု တစ်ခုဖြစ်ခဲ့သည်။
မြန်မာပလာဇာ အုပ်ချုပ်မှုအဖွဲ့က တောင်းပန်စာ ၂ ကြိမ် ထုတ်ပြန်ခဲ့သည့်တိုင် ပြန်လည်ကုစားနိုင်မည့် အခြေအနေကား မရှိတော့ချေ။
မြန်မာပလာဇာနေရာသည် စက်မှု ၁ ဝန်ကြီးဌာန နေရာဟောင်းဖြစ်သဖြင့် ဝန်ကြီးဟောင်း ဦးအောင်သောင်းနှင့် တိုက်ရိုက်ပတ်သက်မှုရှိသည့် နေရာလည်းဖြစ်သည်။
ယင်းဖြစ်ရပ်နှင့် မရှေးမနှောင်းမှာပင် မြန်မာနိုင်ငံ ဘီယာစျေးကွက်ကို ၈၀ ရာခိုင်နှုန်း စိုးမိုးထားခဲ့သည့် စစ်တပ်ပိုင် ဘီယာကုမ္ပဏီဖြစ်သည့် မြန်မာဘရူဝါရီကုမ္ပဏီသည် ရပ်ဆိုင်းဖျက်သိမ်းရမည့် အခြေအနေကို ရောက်ရှိသွားကြောင်း သတင်းတစ်ရပ်လည်း ထွက်ပေါ်လာသည်။
မြန်မာ့စီးပွားရေးဦးပိုင်အများပိုင်ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီဖြစ်သည့် အဆိုပါကုမ္ပဏီကို မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၉၈(စ) အရ စာရင်းရှင်းလင်းဖျက်သိမ်းရန် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးသို့ နိုဝင်ဘာလ ၁၉ ရက်နေ့က လျှောက်ထားခဲ့ခြင်းဖြစ်သည်။
မြန်မာဘရူဝါရီ ကုမ္ပဏီ၏ ဘီယာရောင်းအားသည် ယခင်နှစ်ကထက် အမေရိကန်ဒေါ်လာ ၈၆ ဒသမ ၄ သန်း ဖိုး လျော့ကျသွားပြီး ရာခိုင်နှုန်းအားဖြင့် ၄၀ ရာခိုင်နှုန်းကျဆင်းသွားခဲ့သည်။
ကုမ္ပဏီက ၂၀၂၁ ဘဏ္ဍာနှစ်အတွက် ထုတ်ပြန်သည့် တတိယ သုံးလပတ်ရလဒ် အစီရင်ခံစာဖော်ပြချက်အရ ပုံမှန်လုပ်ငန်းလည်ပတ်မှု အမြတ်အစွန်းမှာလည်း ၅၀ ရာခိုင်နှုန်းအောက်သို့ ကျဆင်းသွားခဲ့သည်။
အဆိုပါကုမ္ပဏီသည် ဂျပန်ပိုင်ကီရင်ကုမ္ပဏီက မြန်မာစစ်တပ်ပိုင် မြန်မာ စီးပွားရေးဦးပိုင်တို့ ပူးပေါင်း ဆောင်ရွက်နေည့် ကုမ္ပဏီဖြစ်ပြီး အာဏာသိမ်းပြီးစကတည်းက ကီရင်ကုမ္ပဏီက မြန်မာစီးပွားရေး ဦးပိုင်နှင့် လက်တွဲဖြုတ်မည်ဟုလည်း ပြောကြားထားပြီးသားဖြစ်သည်။
အကြမ်းဖက်စစ်တပ်၏ စီးပွားရေးလုပ်ငန်းတစ်ခုသည် ပြည်သူလူထု၏ ညီညွတ်မှုကြားတွင် ခနော်နီခနော်နဲ့ ဖြင့် ယိမ်းယိုင်ပြိုကျလုလု ဖြစ်သွားခဲ့ပြီဖြစ်သည်။
ပြည်သူလူထု၏ ပြင်းထန်လှသော ဘွိုင်းကောက်များသည် အာဏာသိမ်းပိုက်မှု၏ ဦးဆောင်သူ အကြမ်းဖက် စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်၏ သား ပါဝင်ပတ်သက်နေသည့် Mytel ကုမ္ပဏီကိုလည်း တိုက်ရိုက်ထိခိုက်ခဲ့သည်။
Mytel ပိုင်ဆိုင်မှု၏ ၄၉ ရာခိုင်နှုန်းကို ဗီယက်နမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel Global Investment နှင့် ၂၈ ရာခိုင်နှုန်းကို မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၏ လက်အောက်ခံ Star High ကုမ္ပဏီက ပိုင်ဆိုင်ထားပြီး ကျန် ၂၃ ရာခိုင်နှုန်းကို Myanmar National Telecom Holding က ပိုင်ဆိုင်ထားသည်။
Mytel ကုမ္ပဏီသည် ရောင်းချသူများအပါအဝင် သုံးစွဲသူများ၏ သပိတ်မှောက်မှုကြောင့် အာဏာသိမ်းပြီး သုံးလအတွင်းတွင် သုံးစွဲသူ နှစ်သန်းခန့် လျော့ကျသွားသည်။ ယင်းကြောင့်ပင် အကြမ်းဖက်စစ်တပ်၏ Mytel ကုမ္ပဏီမှ ဝင်ငွေ ဒေါ်လာ ၂၅ သန်းနီးပါး ထိခိုက်ဆုံးရှုံးခဲ့ကြောင်း Justice For Myanmar အဖွဲ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
နည်းလမ်းပေါင်းစုံဖြင့် အရောင်းမြှင့်တင်ခြင်းနှင့် အစွန်အဖျားဒေသများတွင် Mytel မှ တပါး အခြား အသုံးပြုစရာ မရှိအောင် ရွေးချယ်စရာနည်းပါးခြင်းတို့ကြောင့်သာ ကုမ္ပဏီအနေဖြင့် ရပ်တည်နိုင်နေသေးခြင်း ဖြစ်သည်။
ယင်းတို့ထက် စောစီးစွာ ပြိုကျခဲ့သည်က နှစ်ပေါင်းများစွာ တည်ဆောက်ထားသော အောင်ဘာလေထီပင် ဖြစ်သည်။ အကြမ်းဖက်စစ်တပ်ထံ ဝင်ငွေမစီးရန် ပြည်သူလူထု၏ အောင်ဘာလေထီ မဝယ်ယူရေးလှုပ်ရှားမှုကြောင့် အောင်ဘာလေထီကို လစဉ် မထုတ်ပြန်နိုင်တော့ဘဲ နှစ်လတစ်ကြိမ်သာ အဆင်ပြေသလိုသာ လည်ပတ်နေရပြီ ထီဆုငွေများလည်း ကြေညာထားသည့်အတိုင်း ထုတ်မပေးနိုင်ခဲ့တော့ပေ။
အကြမ်းဖက်စစ်တပ်၏ ယခုတစ်ကြိမ် အာဏာသိမ်းမှုကို မြန်မာပြည်သူလူထုက တုန့်ပြန်မှုများသည် ယခင်အကြိမ်များထက် သိသာစွာ ကွာခြားလာသည်။ လူထုမနာခံရေးလှုပ်ရှားမှု CDM တွင် ထောင်သောင်းချီသော အစိုးရဝန်ထမ်းများ နှုတ်ထွက်ခြင်း၊ အလုပ်မလုပ်ကိုင်တော့ခြင်းကြောင့် အကြမ်းဖက်စစ်တပ်သည် အုပ်ချုပ်ရေးယန္တရားကို ယနေ့ထိတိုင် လုံးဝ စီမံနိုင်ခြင်း မရှိသကဲ့သို့ပင် ပြည်သူလူထု၏ စစ်တပ်ကို ဝင်ငွေ မထောက်ပံ့ရေး၊ အခွန်မပေးရေးလှုပ်ရှားမှုများသည် အတိုင်းအတာ တစ်ခုအထိ ထိရောက်နေဆဲ ဖြစ်သည်။
ပြည်သူလူထုသည် ကြွေးကြော်သံတိုင်စရာ မလိုဘဲ ညီညွတ်နေဆဲ ဖြစ်သည်။
ပြည်သူလူထုသည် ရင်ထဲမှ နက်နက်ရှိုင်းရှိုင်းဆန္ဒများဖြင့် အာဏာရှင်စနစ်ကို တော်လှန်နေဆဲဖြစ်သည်။
တော်လှန်ကာလ ကြာရှည်လှသည့်တိုင် ကျနော်တို့ ပြည်သူများသည် ညီညွတ်နေဆဲပင် ဖြစ်သည်။