ရန်ကုန်မြို့ရှိ မြန်မာပလာဇာဈေးဝယ်စင်တာတွင် နိုဝင်ဘာလ၂၅ရက်နေ့ ညနေပိုင်းက ဆန္ဒထုတ်ဖော်ခဲ့သော လူငယ်များကိုစင်တာလုံခြုံရေးများက အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူစုစုပေါင်းသုံးဦးမှာဖြစ်သည်။ ဖမ်းဆီးခံရခဲ့သူ တစ်ဦးကို ဖြစ်စဉ်နှင့်ပတ်သက်ပြီးMPAမှဆက်သွယ်မေးမြန်းထားခြင်းဖြစ်ပါသည်။
မေး။ ။မနေ့က မြန်မာပလာဇာဖြစ်စဉ်နဲ့ ပတ်သက်ပြီးအကျဉ်းချုံး ပြောပြပေးပါဦး။
ဖြေ။ ။ဖြစ်စဉ်ကဘယ်လိုဖြစ်လဲဆိုတော့လူငယ်တွေကအရင်ဆုံး သူတို့ Paper Strike လုပ်မယ်ဆိုပြီးလုပ်တာ စာရွက်ကျဲမယ်ပေါ့ဗျာ။ အဓိကခေါင်းစဉ်ကစစ်တပ်ပိုင် ဘတ်စ်ကားတွေကိုမစီးကြဖို့ပေါ့။ Omifocus တွေဘာတွေပေါ့။ အဲဒီအတွက်နှိုးဆော်တဲ့အနေနဲ့ လုပ်တာမှာဘာဖြစ်လဲဆိုတော့ အစက စာတန်းတွေဘာတွေထုတ်ပြီးတော့ အော်တဲ့အချိန်အဆင်ပြေသေးတယ်။ ဒါပေမယ့် သပိတ်ပြီးတော့ လူစူယုခွဲတဲ့အချိန် လုံခြုံရေးတွေက ပြေးလာပြီးတော့ ဝင်လုံးပြီးဖမ်းတာ ဖမ်းတဲ့အချိန်မှာ ဝင်ပေါက်က တစ်ပေါက်ပဲရှိတယ်။ အဲဒီပေါက်ကိုမပြေးပဲနဲ့ သူတို့တွေက တံခါးပိတ်ထားတဲ့အပေါက်ကိုပြေးမိသလိုဖြစ်တာ။ပြေးမိသလိုဖြစ်တော့ အောက်မှာက city martကို တချို့မိန်းကလေးတွေကဓါတ်လှေကားကနေ city martထဲကိုဝင်ပြေးကြတာ ။နောက်ဆုံးမှာ ကျန်ခဲ့တဲ့ ကောင်လေးနှစ်ယောက်ရယ်ကောင်မလေးတစ်ယောက်ရယ် အားလုံးပေါင်းသုံးယောက် ကောင်မလေးတစ်ယောက်ကျတော့ ဈေးဆိုင်ထဲမှာအဖမ်းခံလိုက်ရတာ နောက်ဆုံးလဲကျသွားတယ်။ သူကတော့ တော်တော်ဆိုးတယ် မြင်လိုက်တဲ့အချိန်မှာ ပါးတွေနားတွေရိုက်နေပြီ။
မေး။ ။ဖမ်းဆီးခံရတဲ့နောက်ဆက်တွဲဘာဖြစ်ပါသလဲ။
ဖြေ။ ။ဖမ်းဆီးခံရတဲ့သူတွေကလုံခြုံရေးက ကလေးတစ်ယောက်ကို လူသုံးယောက်လောက်ညှပ်ပြီးတော့ချုပ်ထားကြတာပေါ့။ အဲ့ချိန်မှာသူတို့ကဘာပြောလဲဆိုတော့ စစ်တပ်ကိုခေါ်လိုက်မယ်ဆိုပြီး ပြောတယ်။ ပြီးတော့ ရိုက်နှက်တာတွေလည်းရှိတယ်။ ကောင်လေးတစ်ယောက်ဆိုလည်း အဲဒီလိုပဲ ရင်ဘတ်ကိုဆောင့်ကန်တာရှိတယ်။ အခြားနိုင်ထက်စီးနင်း ဆံပင်ဆွဲတာတွေလည်းရှိတယ်။ ကလေးတွေကလည်းဘာဖြစ်တာလည်းဆိုတော့ ဈေးဝယ်စင်တာကလုံခြုံရေးက သူတို့ကိုမလုပ်လောက်ဘူး ဆိုပြီးတော့ သူတို့ပြေးလာတာကိုတွေ့တာ အချိန်အရမ်းနောက်ကတျသွားတာ။ သူတို့ကရဲနဲ့စစ်သားနဲ့လာဖမ်းရင် ပြေးဖို့ပဲခေါင်းထဲမှာရှိကြတာ။ အခုက သူတို့မထင်တာတာမျိုး ဖြစ်ပျက်သွားတာပေါ့။ဖမ်းခံရတဲ့အချိန်မှာ ပြောခံရတာ ဘာလဲဆိုတော့ အရင်တစ်ခေါက်ကလည်း မင်းတို့မွှေသွားလို့ ငါတို့အပြောခံရပြီးပြီလို့ အဲဒီလိုပြောတယ်။ ဖမ်းခံရတာတော့ စုစုပေါင်းသုံးယောက်ပေါ့။ မိန်းကလေးတစ်ယောက်က အဲဒီစင်တာထဲမှာပဲ ပြည်သူတွေကိုဝိုင်းအော်ပြီး တောင်းဆိုကြတော့ အဲဒီမိန်းကလေးက ပြန်လွတ်သွားတယ်။ မိန်းကလေးကိုမလုပ်သင့်ပါဘူးဆိုပြီး ပုံတွေမှာတက်လာတဲ့ ရိုက်နှက်ခံရတဲ့ကောင်မလေးက လူတွေဝိုင်းပြောလို့။ မဟုတ်ရင် လွှတ်ပေးကြမှာမဟုတ်ဘူး။ပြည်သူတွေကြောင့်အဲ့ကောင်မလေးလွတ်သွားတာပေါ့။ကောင်လေးနှစ်ယောက်ကိုလည်း ရုံးခန်းကိုခေါ်သွားမယ်။ CCTVမှာပြန်ကြည့်မယ်မပါဘူးဆိုရင် သူတို့ပြန်လွှတ်ပေးမယ်။ ဖြစ်စဉ်မှာပါတယ် ဆိုရင်တော့ ရဲလက်အပ်မယ်ပြောတယ်။ ပြီးတော့ ရုံးခန်းကိုပို့တဲ့လမ်းမှာပဲ ကျနော်တို့ကသူတို့လက်ထဲကနေရုန်းတယ်။ အဲ့အချိန်မှာကျနော်တို့ကို လုံခြုံရေးက အမှန်တိုင်းပြောရင်လွှတ်ပေးလိုက်တဲ့ပုံစံ။ ဒါပေမယ့်အပေါ်မှာ ရိုက်နှက်တဲ့အဖွဲ့ကတစ်ဖွဲ့ ကျနော်တို့ကို ရုန်းတာကိုလွှတ်ပေးတဲ့အဖွဲ့ကညတစ်ဖွဲ့ပေါ့။လက်လွှဲပြီးတော့ ကျနော်တို့ကို ရုံးခန်းကိုပို့လိုက်ကွာဆိုပြီး ထည့်ပေးလိုက်တဲ့အချိန်မှာ ပို့တဲ့ လုံခြုံရေးကကျနော်တို့နဲ့ဘပူးပေါင်းတယ်။အဲဒီလိုဖြစ်တာ ဒါကကျနော့်ရဲ့အတွေ့အကြုံပေါ့။ ကျန်တဲ့ကလေးတွေကလည်းထွက်ပြေးရင်းတက္ကစီသမားတစ်ယောက်ကယ်လို့လွတ်သွားပြီ။ အခုအားလုံး လုံခြုံတဲ့နေရာကိုရောက်နေကြပါပြီ။ အဓိကတက္ကစီသမားကြီးကို ကျေးဇူးတင်ရမှာပါ။သူ့ကြောင့် လွတ်တယ်လို့ပြောလို့ရပါတယ်။ မြန်မာပလာဇာရှေ့မှာ ရပ်ထားတဲ့ကားဆရာကြီးကိုကျေးဇူးတင်ပါတယ်။
မေး။ ။ဒဏ်ရာရတဲ့သူရှိတယ်လည်းကြားပါတယ်။အဲဒါ လေးပြောပြပေးပါဦး။
ဖြေ။ ။ ဝင်ပြီးတော့အကြမ်းဖက်ဖမ်းဆီးတဲ့အချိန်မှာတစ်ယောက်က ခြေထောက်ထောက်တော်တော်ထိတယ်။ မထောက်နိုင်ဘူး။ အဲဒီ အစ်ကိုကနည်းနည်း ဝတော့။ နောက်တစ်ယောက်ဆိုလည်း ရင်ဘတ်က တော်တော် စုတ်ပြတ်သပ်သွားတယ်။ ဖြတ်ကန်ခံရတာ။သူပြေးတုန်းကဖိနပ်တောင်မပါဘူး။မိန်းကလေးကတော့ နားနောက်မှာပေါက်ပြဲတာရှိတယ်။ပြီးတော့ဒူးခေါင်းတွေ ဘာတွေထိသွားတယ်။
မေး။ ။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဘယ်လိုများသုံးသပ်ချင်ပါသလဲ။
ဖြေ။ ။မြန်မာပလာဇာလို ဈေးဝယ်စင်တာကြီးက အမြဲတမ်း လူမပြတ်ဘူးပေါ့ဗျာ။ အမှန်တိုင်းပြောရရင် လုံခြုံရေးကလည်း သူ့ရဲ့လုပ်ပိုင်ခွင့်ထက် ကျော်ပြီးတော့လုပ်သွားတယ်လို့မြင်တယ်။ လုံခြုံရေးတစ်ယောက်ရဲ့လုပ်ပိုင်ခွင့်မှာ ဈေးဝယ်လာတဲ့ပြည်သူကို ကိုယ်ထိလက်ရောက်ကျူးလွန်ခွင့်မရှိဘူး။သူတို့ကာကွယ်ပေးရမှာ အဲဒါကိုမဟုတ်ပဲနဲ့ တခြားတစ်ဖက်ကနေပြီးတော့ စစ်တပ်ရဲ့အလိုအတိုင်းလုပ်သွားတယ်လို့ပြောချင်ပါတယ်။ အစောကြီးထဲက မလုပ်စေချင်ဘူးဆိုရင်လာပြောလို့ရတာပဲလေ။ စင်တာထဲမှာမလုပ်ပါနဲ့ဆိုပြီး တောင်းဆိုလို့ရတယ်။ အခြားနည်းလမ်းတွေ အများကြီးရှိတယ်။အခုကအကြမ်းဖက်လုပ်ကိုင်သွားကြတာပေါ့။ အခုတော့ သူတို့ကိုပြည်သူက အပြစ်ပေးနေကြပါပြီ။
မေး။ ။အခုကတော့ မြန်မာပလာဇာပေါ့။ဘအခြားနေရာမှာ လူငယ်တွေအနေနဲ့ ဆန္ဒပြတဲ့နေရာမှာဘယ်လောက် စိန်ခေါ်မှု ရှိပါသလဲ။
ဖြေ။ ။ကျန်တဲ့နေရာတွေမှာ ပြောက်ကျားသပိတ်တွေလုပ်ကြတာပေါ့။ အဲဒီလိုလုပ်တဲ့အချိန်မှာ နောက်ပိုင်းကပြည်သူတွေက တော်လှန်ရေးအသိဘတော်လှန်ရေးဘစိတ်ရှိနေသေးတယ်။ အကုန်လုံးမကုန်ခမ်းသွားသေးဘူးပေါ့။ နည်းမျိုးစုံနဲ့ သူတို့စိတ်ထဲမှာပါဝင်ချင်စိတ်ရှိသေးတယ်။ အရမ်းဖိပြီးတော့မြို့ပေါ်ကအရမ်းလုပ်ရကိုင်ရကြပ်တယ်။ ရန်ကုန်လိုနေရာမှာဆိုရင် အရမ်းခက်ခဲတယ်။ ကလေးတွေအတွက် ဆက်ပြီးတော့လုပ်ဖို့ကိုတောင်တော်တော်အားယူပြီး အဖွဲ့တွေအနေနဲ့လုပ်နေကြရတာပေါ့။ အဓိကပြောက်ကျားသပိတ်တွေကို ပြည်သူတွေအနေနဲ့ပုံစံမျိုးစုံနဲ့ အားပေးစေချင်ပါတယ်။လက်သုံးချောင်းထောင်ပြတာမျိုး၊ ရဲလာရင်သတိပေးတာမျိုးလုပ်ပေးစေချင်တယ်။
မေး။ ။မြန်မာပလာဇာမှာပြည်သူလူထုရဲ့ပူးပေါင်းမှုကိုတွေ့ခဲ့ရတော့ဘယ်လိုခံစားမိလဲ။
ဖြေ။ ။လုံးဝကိုမယုံနိုင်ဘူး။ ဒီကောင်တွေကျနော်တို့ကိုချုပ်လိုက်တယ်။ယောင်္ကျားရင့်မာကြီးသုံးယောက်လောက်က ဖမ်းချုပ်ပြီးဖမ်းတာဆိုတာဆိုတော့ လုံးဝလှုပ်မရဘူး။ အဲဒီအချိန်မှာသူတို့က စစ်တပ်ဖြစ်ဖြစ်ရဲဖြစ်ဖြစ် ခေါ်လိုက်လို့ အားချင်းရောက်လာရင်ကျနော်တို့က သေချာပေါက်လိုက်သွားကြရမှာပဲ။ ပြည်သူတွေကတစင်တာလုံးဝိုင်းပြီးတောင်းဆိုကြတဲ့အချိန်မှာ ကျနော်တို့ကိုလွှတ်ဖို့တွန်းအားပေးကြတယ်၊ အဲဒီအချိန်မှာ ဘေးက ထအော်ကြတယ်။ အစ်ကိုသုံးယောက်လောက်က မြန်မာပလာဇာကို Boycottလုပ်ကြမယ်ဆိုပြီးအော်တာကိုကျနော်ကြားလိုက်ရတယ်။ ကြံရာမရဖြစ်ပြီးတော့အဲဒီကောင်တွေ လွှတ်ပေးတယ်လို့မြင်တယ်။ဘရန်ကုန်ကအရမ်းငြိမ်တယ်လို့ ထင်ရပေမယ့် ပြည်သူတွေရဲ့စိတ်ထဲမှာ တော်လှန်ချင်တဲ့စိတ်တွေနဲ့ စိတ်တွေရှိနေတာတွေ့ရပါတယ်။
မေး။ ။နောက်ဆုံးအနေနဲ့ဘာများဖြည့်စွက်ပြောကြားလိုပါသလဲ။
ဖြေ။ ။အဓိကကတော့ ပြည်သူတွေညီကြဖို့ပါ။ အခုကျနော်တို့လွတ်လာသလိုမျိုးပေါ့။ အဲဒီတော့ အားလုံးညီညွတ်ကြရင်တော့ကျနော်တို့ လိုချင်တဲ့နေရာကို ရောက်မှာပါ။ဒီကောင်တွေကို နည်းမျိုးစုံနဲ့ဒုက္ခပေးမယ်။ ဒီကောင်တွေရဲ့ ယန္တရားကြီးမလည်ပတ်အောင်ဘဲ လည်ပတ်အောင်လုပ်ဖို့ကိုပဲ ကျနော်တို့စဉ်းစားကြမယ်။ရန်ကုန်သပိတ်တွေက ထပ်ရှိလာမှာဖြစ်တဲ့အတွက် ပြည်သူတွေနဲ့ ဒီနေ့လိုပဲ လူငယ်တွေအနေနဲ့ ပူးပေါင်းပေးကြပါ။ မြန်မာပလာဇာဖြစ်ရပ်လိုပဲ လူငယ်တွေတော်လှန်ရေးသမားတွေကို ကူညီပေးကြပါ။