By MPA
မြန်မာနိုင်ငံတွင်စစ်တပ်က အာဏာသိမ်းမှုကျူးလွန်ခဲ့သည့်ဖေဖော်ဝါရီလကစပြီးစစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ငန်းများကို ယခုအချိန်ထိတောက်လျှောက်လုပ်ကိုင်လာခဲ့သည့် လူငယ်တစ်ဦးလည်းဖြစ်CDMပညာရေးဝန်ထမ်းတစ်ဦးလည်းဖြစ်ကယားပြည်နယ်ရှိ တိုင်းရင်းသူတစ်ဦးကို သူမဖြတ်သန်းနေရသောစစ်အာဏာရှင်ဆန့်ကျင်ရေး၆လကျော်ကြာအတွေ့အကြုံများကို Myanmar Pressphoto Agency မှ ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ဆရာမအနေနဲ့ ဘာကြောင့် နွေဦးတော်လှန်ရေးမှာပါဝင်ဖြစ်တာပါလဲ။
ဖြေ။ ။ကျမက ကယားပြည်နယ်ထဲက ကျောင်းတစ်ခုကအလယ်တန်းပြဆရာမတစ်ယောက်ပါ။ အာဏာစသိမ်းထဲက သပိတ်တွေလုပ်ဖို့ ကျမတို့ပြင်ဆင်ခဲ့တယ်။ ပြီးတော့သပိတ်တလျှောက်လုံးလဲ လိုက်လုပ်တယ်။ ပြီးတော့CDMလုပ်ဖို့တိုက်တွန်းတယ်။ ရှင်းပြတာတွေရှိတယ်။ ကျောင်းသားတွေ သပိတ်တွေမှာပါဝင်စေဖို့ တိုက်တွန်းခဲ့တယ်။ ဘာလို့လဲဆိုတော့ ဒီပညာရေးစနစ်ကို ကျမကိုယ်တိုင်ကလည်းမကြိုက်ဘူး။ ကလေးတွေအတွက်လည်း ဒီပညာရေးစနစ်က တိုးတက်သင့်သလောက် မတိုးတက်ဘူးလေ။အဲ့ဒါကြောင့်မို့ ဒီတော်လှန်ရေးမှာ ကိုယ်တိုင်လည်းလုပ်တယ်၊ ပါဝင်ကြဖို့လည်း တိုက်တွန်းခဲ့တာဖြစ်ပါတယ်။
မေး။ ။အခုCDMကာလက ၆လဖြစ်လာပြီဆိုတော့ လက်ရှိတော်လှန်ရေးအခြေအနေကို ဘယ်လိုမြင်မိပါသလဲ။
ဖြေ။ ။လက်ရှိတော်လှန်ရေးအခြေအနေကို ဘယ်လိုမြင်လဲဆိုတော့ အကုန်လုံးလည်းတက်တက်ကြွကြွနဲ့ လုပ်ပေးတာတွေတွေ့တော့ တော်တော်လေးကိုအားရစရာကောင်းပါတယ်။ တစ်ဖက်မှာလည်း ကြာလာတော့ တော်တော်လေးကိုခက်ခဲလာတဲ့ ဝန်ထမ်းတွေလဲတွေ့လာရပါတယ်။
မေး။ ။ဒီမော့ဆိုမှာ စစ်တွေဖြစ်တဲ့အချိန်မှာ ဘယ်လိုကြုံတွေ့ခဲ့ရပါသလဲ။
ဖြေ။ ။ကျမတို့က စစ်ပွဲမဖြစ်ခင်နှစ်ရက်လောက်မှာ အဲ့မှာ စစ်တပ်ကဝင်ဆွဲတာတွေရှိတော့ အဲ့ရက်တွေထဲက သူတို့(နယ်ခံတွေ)က ရှောင်ခိုင်းတာ။ ၅လပိုင်း၁၉ရက်နေ့ထဲက ရှောင်ရတယ်။ တစ်လလောက် တောထဲမှာနေလိုက်ရတာပေါ့။ တောခိုလိုက်သလိုဖြစ်တာပေါ့။
မေး။ ။စစ်ရှောင်စခန်းမှာရော ဆရာမတစ်ယောက်အနေနဲ့ ဘာတာဝန်တွေယူဖြစ်ပါသလဲ။
ဖြေ။ ။စစ်ရှောင်စခန်းမှာရှိတဲ့လူတွေရဲ့ စားနပ်ရိက္ခာအတွက် အွန်လိုင်းအပေါ်မှာရော အပြင်မှာရော အလှူခံပေးတယ်။ ပြီးတော့ စစ်ရှောင်စခန်းမှာရှိတဲ့လူတွေ ညမတို့စခန်းမဟုတ်ဘဲ အခြားစခန်းတွေကို သွားပေးတာတွေ သွားလှူပေးတာတွေရှိတယ်။ နောက် အဲ့ဒီမှာရှိတဲ့ကလေးတွေကို စာသင်ပေးရတာမျိုးရှိတယ်။
မေး။ ။စစ်ရှောင်စခန်းမှာရောက်နေတာကြာပြီဆိုတော့ ဘယ်လိုအခက်အခဲတွေရှိပါသလဲ။
ဖြေ။ ။တော်တော်ကိုခက်ခဲတယ်။ ပင်လည်းပင်ပန်းတယ်။ အိမ်နဲ့လည်းတစ်ခါမှမတွေ့ရတော့ တအားပြန်ချင်တယ်။ ဒါပေမယ့် ပြန်လို့မရတဲ့အခြေအနေဆိုတော့လေ။ ဟိုတစ်ရက်ကလည်း အလှူခံထားတာတွေ K Pay ကပိုက်ဆံတွေပါသွားတော့ အရမ်းစိတ်ညစ်ရတာရှိတယ်။ ဒါပေမယ့်လည်း မရှိရှိတဲ့ဟာလေးစားပြီးတော့မှ ဒါကိုဆက်လုပ်သွားမှာပေါ့နော်။ ကျမတို့ကဒီစနစ်ကြီးကိုမကြိုက်ဘူး။ ဒါကြောင့်ဒီတော်လှန်ရေးအောင်မှဖြစ်မယ်ဆိုတဲ့စိတ်နဲ့ အားတင်းဖြတ်ကျော်ရပါတယ်။
မေး။ ။စစ်ဘေးရှောင်ရတဲ့တလျှောက်မှာ ဘာတွေတွေ့ကြုံခဲ့ရပါသလဲ။
ဖြေ။ ။CDMဝန်ထမ်းတွေရော ကျောင်းသားတွေရော လိုက်ရှာဖမ်းနေတဲ့အခြေအနေမျိုးမှာ ကျမတို့အိမ်ပြန်မယ်ဆိုလည်း ဒလန်တွေကတအားပေါတော့ ဒလန်စာမိမှာလည်းကြောက်တယ်။ မိလည်းမိခဲ့ဖူးတယ်။ အရင်တခေါက်ကမိသွားဖူးတာ။ မိတော့ စစ်တပ်ကနှိပ်စက်တာနည်းနည်းပါးပါးတော့ခံခဲ့ရဖူးတယ်။ အဲ့အချိန်ကစပြီးစစ်ဘေးရှောင်စခန်းကိုပြန်ရောက်လာပြီး စခန်းမှာပိုကူဖြစ်တယ်။ လုံခြုံရေးအတွက် လက်နက်ကိုင်ဖို့လည်းလေ့ကျင့်ထားရတယ်။ ပင်ပင်ပန်းပန်းနဲ့လေ့ကျင့်ရေးလုပ်ရတာပေါ့။ အခုဆိုရင် စစ်ဘေးရှောင်စခန်းမှာ အတွေ့အကြုံအမျိုးမျိုးရတယ်။ တိုက်ပွဲအတွေ့အကြုံတွေပါရလာတာပေါ့။ တစ်ခါတလေ ထမင်းနပ်မမှန်တဲ့နေ့ရက်တွေလည်းရှိတယ်။ အားတင်းပြီးဖြတ်ကျော်ရတာပေါ့။ အကြောက်ရဆုံးအချိန်တွေလည်းရှိတယ်။ သူတို့လာရှာတဲ့အချိန်တွေဆို တကယ်ကြောက်ရပါတယ်။
မေး။ ။အဖမ်းခံရဝာာကနေ ဘယ်လိုပြန်ပြီးလွတ်မြောက်ခဲ့တာပါလဲ။
ဖြေ။ ။ကျမသူငယ်ချင်းနှစ်ယောက်နဲ့ စစ်ရှောင်ရွာတစ်ရွာမှာကူဖို့လည်းပါတယ်။ အဲ့ဒါသွားတော့ အဲ့မှာနှစ်ပတ်လောက်နေတယ်။ နေပြီးတော့ ဆက်နေဖို့မရှိတော့ဘူးဆိုပြီး စစ်ရှောင်တဲ့နေရာကနေ အိမ်ပြန်ကြတယ်။ တယောက်တလမ်းပြန်ကြတယ်။ ကျမအိမ်ကိုပြန်တဲ့အချိန်မှာ လမ်းခွဲတစ်ခုမှာသူတို့နဲ့တိုးတယ်။ သူတို့နဲ့တိုးတော့ သူတို့ဖုန်းစစ်တယ်။ ဖုန်းထဲကဟာတွေတွေ့တော့ ကျန်တဲ့သူတွေဘယ်မှာလည်းဘာညာမေးတယ်။ ဆံပင်ဆွဲတယ်၊ ပါးရိုက်တယ်။ သူတို့ရိက္ခာတင်တဲ့ကားကြီးရောက်လာတော့ သူတို့က အဲ့ကားကို သွားစစ်နေတဲ့အချိန်မှာ ထွက်ပြေးခဲ့တာ။ သေလည်းသေပါစေဆိုပြီးပြေးခဲ့တာပါ။
မေး။ ။အမျိုးသားညီညွတ်ရေးအစိုးရထံကရော အကူအညီရရှိတာမျိုးရှိပါသလား။ လက်ရှိရောဘယ်လိုရပ်တည်နေရပါသလဲ။
ဖြေ။ ။အားလုံးဆက်အားတင်းထားကြပါလို့ပြောချင်ပါတယ်။ NUGနဲ့ကတော့ ဆက်သွယ်ထားတယ်။ အခြားလူကြီးတွေနဲ့ စကားကပြောထားတာလည်းရှိတယ်။ အခုထိတော့ အကူညီရရှိတာမျိုးမရှိသေးပါဘူး။ လက်ရှိကတော့ အလှူရှင်တွေ ညမတို့ကိုလာလှူတဲ့ဟာတွေနဲ့ အဆင်ပြေသလိုစားသောက်နေကြရပါတယ်။ လှူဒါန်းပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။
မေး။ ။လက်ရှိမှာ ကိုယ်နဲ့ဘဝတူဆရာမတွေကို ဘာသတင်းစကားပါးချင်ပါသလဲ။
ဖြေ။ ။ ၆လလုံးလုံးတောင်အားတင်းလာခဲ့ကြပြီးပြီ။ နောက်ထပ်ဘယ်လောက်မှမကျန်တော့ဘူးလို့လည်းထင်ပါတယ်။ အဲ့ဒါကြောင့် ဆက်အားတင်းထားကြဖို့ ပြောချင်ပါတယ်။
#ကယား #CDM #တော်လှန်ရေး #အင်တာဗျူး #MPA