စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် နားဋောင်းကျကျေးရွာရှိ ပျူစောထီးသင်တန်းအား တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့ (TPC) နှင့် ပူးပေါင်းတပ်ဖွဲ့များဝင်တိုက်ရာတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တပ်ဖွဲ့မှ ရဲဘော်နှစ်ဦးကျဆုံးခဲ့ကြောင်း သိရှိရသည်။
ယင်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၃၀ ကျော်ထိခိုက်သေဆုံးဖွယ်ရှိသလို ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) တပ်ဖွဲ့မှ ရဲဘော်မင်းသူနှင့် ရဲဘော်ညိုမှိုင်းတို့ ကျဆုံးခဲ့ကြောင်း ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်မှ ထုတ်ပြန် အသိပေး ခဲ့သည်။
တိုက်ပွဲဖြစ်နေစဉ် ကျွန်းလည်ကျေးရွာမှ တပ်ကူထွက်လာသော ပျူစောထီးများအား TPC နှင့် SAF တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက် ခဲ့သေးပြီး အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပျူစောထီးဘက်က ဖောကားကြီးတစ်စီး မြောင်းထဲထိုးကျကာ အပြန်အလှန် ပစ်ခတ်များ ဖြစ်ခဲ့ခြင်းဖြစ်သည်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် ယမန်နေ့နံနက် ၅ နာရီခန့်က ဖြစ်ခဲ့သည့် တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော်နှစ်ဦးအတွက် ဂုဏ်ပြုမှတ်တမ်းတင်ပေးခဲ့ပြီး ကျဆုံးမှုအတွက် ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်အသိပေးခဲ့သည်။