မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်မြို့နယ်ရှိ ပြည်သူတစ်ဦးအား PDF ထောက်ပံ့သူဟုစွပ်စွဲပြီး မေလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီက ထောင် ၁၅ နှစ်ချမှတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
PDF ထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် ကျောက်ပန်းတောင်းမြို့နယ် စံပြရပ်ကွက်တွင်နေထိုင်သော မရှင်းသန့်မေအား ကျောက်ပန်းတောင်း တရားရုံးတွင် ထောင် ၁၅ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်စစ်ကောင်စီများသည် ပြီးခဲ့သည့်နှစ် မေလ ၁၂ ရက်နေ့တွင် မရှင်းသန့်မေ၏ နေအိမ်သို့ ရောက်ရှိလာပြီး မေးမြန်းစရာများရှိကြောင်းနှင့် ရဲစခန်းသို့ ခဏလိုက်ခဲ့ရန် ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
၅ လကြာ ကျောက်ပန်းတောင်းအချုပ်တွင် ထည့်ထားပြီး အမှုရင်ဆိုင်ပြီးနောက် ယခုနှစ် မေလ ၂၈ ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ်ရှည် ချမှတ်ခဲ့ခြင်းဖြစ်သည်။
“မရှင်းသန့်မေကို လာဖမ်းတုန်းက ညဘက်ကြီး မေးစရာလေးရှိလို့ ခဏခေါ်သွားမယ်ဆိုပြီး ကျောက်ပန်းတောင်းရဲစခန်းကို ခေါ်သွားတာ။ မိဘတွေနဲ့လည်းပေးမတွေ့ဘူး။ ထောင် ၁၅ နှစ်ဆိုပြီး အမိန့်ချလိုက်တယ်”ဟု စံပြရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
အသေးစိတ်အချက်အလက်ကို သိရှိရန် မရှင်းသန့်မေ၏ မိသားစုဝင်များအား MPA က ချိတ်ဆက်နေသော်လည်း အဆက်အသွယ် မရသေးပေ။