NUG အစိုးရ၏ နိုင်ငံတကာသံတမန်ရေးရာ ကဏ္ဍအတွက် ကိုယ်စားလှယ်ရုံးခွဲများကို နိုင်ငံပေါင်း ၇ နိုင်ငံတွင် ဖွင့်လှစ်ထားခဲ့ပြီဖြစ်သော်လည်း နောက်ထပ် ဥရောပနိုင်ငံများနှင့် အနောက်နိုင်ငံများတွင် ဆက်လက်ဖွင့်လှစ်သွားဦးမည်ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
လက်ရှိဖွင့်လှစ်ထားသည့် ရုံးခွဲများကို ဗြိတိန်၊ ပြင်သစ်၊ ချက်ပြည်သူ့သမ္မတနိုင်ငံ၊ နော်ဝေနိုင်ငံ၊ သြစတြေးလျ၊ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့တွင် ဖွင့်လှစ်ထားခြင်းဖြစ်သည်။
“NUG အစိုးရအနေနဲ့တော့ တခြားနိုင်ငံတွေမှာ ဆက်ဖွင့်ဖို့ ပြင်ဆင်ထားတာရှိပါတယ်။ များမကြာခင်မှာ အချိန်တွင်းမှာတော့ ဥရောပနိုင်ငံဘက်အချို့နဲ့ အခြားအနောက်နိုင်ငံဘက်တွေမှာ ဖွင့်လှစ်ဖို့အတွက် အစီအစဉ်တွေ ရှိပါတယ်”ဟု NUG အစိုးရ၏ တောင်ကိုရီးယားကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက MPA သတင်းဌာနသို့ ပြောသည်။
NUG အစိုးရ၏ သံတမန်ရေးရာ ကြိုးပမ်းမှုသည် အကြမ်းဖက်စစ်ကောင်စီထက် ပိုမိုအားသာလာသည့်အပေါ် “ယဉ်ကျေးသော နိုင်ငံတွေဘက်ကတော့ မြန်မာနိုင်ငံအတွင်းမှာ စစ်ကောင်စီက ငြိမ်းချမ်းသောနည်းနဲ့ ဒီမိုကရေစီလိုလားတဲ့ မြန်မာပြည်သူလူထုတွေကို ရက်ရက်စက်နှိပ်စက်နေတယ်။ ညှင်းပန်းနေတယ်။ မတရားဖမ်းဆီးနေတယ်။ အကျဉ်းချနေတယ်။ ကျေးရွာတွေကို မီးရှို့နေတယ်။ လူတွေကို မတရားသတ်နေတယ်။ အဲ့ကိစ္စတွေကို ယဉ်ကျေးသောနိုင်ငံတွေဘက်က ပြောရမယ်ဆိုရင် မနှစ်မြိုစရာကိစ္စတွေဖြစ်တယ်။ လယ်ပြင်မှာ ဆင်သွားနေသလို သူတို့ရဲ့ ရက်စက်ယုတ်မာမှုတွေက ပေါ်လွင်နေတယ်။ အဲ့အတွက်ကြောင့်မို့လို့ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့က NUG အစိုးရဘက်ကို အားပေးတယ်။ ထောက်ခံတယ်။ လူသားချင်းစာနထောက်ထားတဲ့ အနေအထားနဲ့ ကျွန်တော်တို့ကို နားလည်မှုတွေ အပြည့်အဝ ရှိတာပါ”ဟု NUG ၏ တောင်ကိုရီးယားကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက ဆက်ပြောသည်။
လက်ရှိတွင် အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံသားတွေကို ခိုလှုံခွင့်ပေးရန် အရေးအတွက် နိုင်ငံတကာကို တိုက်တွန်းမှုများ ရှိခဲ့သည်။
ထိုသို့ ခိုလှုံခွင့်အတွက် တောင်ကိုရီးယားနိုင်ငံအနေဖြင့် မည်သို့ ဆောင်ရွက်နေသည်ကို MPA သတင်းဌာနက ဆက်လက် မေးမြန်းခဲ့သည်။
“ပြောရမယ်ဆိုရင် တောင်ကိုရီးယားအစိုးရက မြန်မာ့ဒီမိုကရေစီ အရေးအတွက် တက်ကြွလှုပ်ရှားတဲ့သူတွေကို အစဉ်အဆက် အားပေးကူညီထောက်ပံ့ခဲ့တာ အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။ ကိုရီးယားနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတွေဆိုရင် မြန်မာနိုင်ငံအတွင်းမှာ ဒီမိုကရေစီရရှိပြီး ငြိမ်းချမ်းသာယာတဲ့အခြေအနေရောက်ရှိတဲ့ အချိန်ထိ မည်သူကိုမဆို နေထိုင်ခွင့်ဗီဇာတစ်ခုကို သူတို့ ထုတ်ပေး ထားပါတယ်။ ပက်စ်ပို့သက်တမ်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကိုရီးယားနိုင်ငံအစိုးရအနေနဲ့ မြန်မာနိုင်ငံသားတွေအကုန်လုံးအပေါ် သူတို့ရဲ့ သတ်မှတ်ချက်အရ G1 99 ဗီဇာကိုထုတ်ပေးပါတယ်။ မြန်မာနိုင်ငံကို ပြန်လို့ မရပါဘူးလို့ ပြောလိုက် သူတို့က G1 99 ဗီဇာကို ခြောက်လစီ သက်တမ်းတွေ တိုးပေးပြီးတော့ လုပ်ပေးပါတယ်”ဟု NUG တောင်ကိုရီးယား ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက ပြောပြသည်။
ထို့ပြင် တောင်ကိုရီးယားနိုင်ငံအနေနှင့် စစ်အာဏာရှင်များ၏ လက်အောက်တွင် နေထိုင်ခဲ့ဖူးသည့် နိုင်ငံပီပီ မြန်မာနိုင်ငံ ပြည်သူ ပြည်သားများ အတွက် ကိုယ်ချင်းစာကာ အားပေးကူညီနေသည်ဟု ၎င်းက ပြောကြားခဲ့သည်။
လက်ရှိ NUG အစိုးရ ဖွင့်လှစ်ထားသည့် နိုင်ငံများတွင် တာဝန်ထမ်းဆောင်နေသည့် ကိုယ်စားလှယ်များ
(၁) သြစတြေးလျ ကိုယ်စားလှယ် – ဒေါက်တာထွန်းအောင်ရွှေ
(၂) ပြင်သစ် ကိုယ်စားလှယ် – နန်းဆုမွန်အောင်
(၃) ချက်ပြည်သူ့သမ္မတနိုင်ငံ ကိုယ်စားလှယ် – ဦးလင်းသန့်
(၄) နော်ဝေ ကိုယ်စားလှယ် – ဦးမောင်မောင်မြင့်
(၅) ဗြိတိန် ကိုယ်စားလှယ် – ဦးမောင်မောင်အောင်နှင့် ဒေါက်တာသက်ကိုကို
(၆) တောင်ကိုရီးယား ကိုယ်စားလှယ် – ဦးရန်နိုင်ထွန်း
(၇) ဂျပန် ကိုယ်စားလှယ် – စောဘလှသိန်း
တို့ ဖြစ်သည်။