သတင်းထောက်မောင်မျိုး
By MPA
မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်ပြီး သတင်းများရေးသားတင်ဆက်ရန် ကြိုးပမ်းခဲ့သည့် မဲခေါင်သတင်းဌာန၏ အလွတ်တန်းသတင်းထောက် မောင်မျိုးသည် ယမန်နေ့ မေလ ၁၀ ရက်နေ့ ည ၆ နာရီခန့်က ဘားအံမြို့၊ သံလွင်တံတားတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း မဲခေါင်သတင်းဌာနက ဖော်ပြအသိပေးထားသည်။
မြဝတီမြို့မှ မန္တလေးမြို့သို့ သွားသည့် ခရီးသည်တင်ယာဉ်တစ်စီး ပေါ်တွင် အလွတ်တန်းသတင်းထောက် မောင်မျိုးကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
၎င်း၏ လက်ကိုင်ဖုန်းအတွင်း Facebook အကောင့်တွင် မျှဝေထားသည့် သတင်းများကို တွေ့ရှိရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
“အိမ်ပြန်ချင်တာရယ်၊ ပြည်တွင်းက သတင်းတွေပြန်ပြီး ကာဗလုပ်ချင်လို့ရယ် ပြန်သွားတာပါ”ဟု မဲခေါင်သတင်းဌာန၏ တာဝန်ရှိသူတစ်ဦးက MPA သတင်းဌာနသို့ ပြောကြားသည်။
အလွတ်တန်းသတင်းထောက် မောင်မျိုးသည် မဲခေါင်သတင်းဌာနသို့ သတင်းများရေးသားပေးပို့ကာ သတင်းထောက် တစ်ဦးအဖြစ် ရပ်တည်နေသူဖြစ်သော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက ၎င်းကို မဲခေါင်သတင်းဌာနမှ သတင်းများ ပြန်လည်မျှဝေခြင်း၊ PDF များနှင့် ဆက်သွယ် သတင်းရေးသားခြင်း၊ နိုင်ငံရေး သတင်းများနှင့် လေးကေ့ကော် တိုက်ပွဲသတင်းများ ရေးသားခြင်းတို့ကြောင့် ဖမ်းဆီးကာ အကြမ်းဖက် ပုဒ်မ ၅၂ (က) ဖြင့် အမှုဖွင့်ခံထားကြောင်း သိရှိရသည်။
“သူက မဲခေါင်သတင်းဌာနကို သတင်းတွေ အလွတ်တန်းအနေနဲ့ ပို့ခဲ့တာမှန်ပါတယ်။ သတင်းသမားအနေနဲ့ သတင်းရေးတာ အပြစ်မဖြစ်သင့်ပါဘူး။ သူ့အတွက် လိုအပ်တဲ့ ထောက်ပံ့မှုတွေ ပေးနိုင်အောင် ကြိုးစားနေပါတယ်”ဟု မဲခေါင်သတင်းဌာန၏ တာဝန်ရှိသူတစ်ဦးက MPA သတင်းဌာနသို့ ဆက်ပြောသည်။
အလွတ်တန်းသတင်းထောက် မောင်မျိုးသည် မဲခေါင်သတင်းဌာနနှင့် Human Color သတင်းဌာနများတွင် သတင်းများ ရေးသားတင်ဆက်ခဲ့ပြီး The Express Times Media နှင့် ၂၀၁၁ ခုနှစ်တွင် သတင်းထောက်အဖြစ် စတင်လုပ်ကိုင်ခဲ့သူဖြစ်သည်။