ကုလားတန်မြစ်ဝှမ်း စီမံကိန်းအတွက် စစ်ကိုင်းတိုင်းကို အိန္ဒိယအစိုးရ ထောက်ပံ့ပေးသည့် ဆန်ကို အကြမ်းဖက်စစ်တပ်ခန့် လူကယ်ပြန်ဝန်ကြီး ဒေါ်သက်သက်ခိုင်က ဧပြီလကုန်ပိုင်းလောက်က ရန်ကုန်တွင် စည်းရုံးရေးဆင်းကာ လိုက်ဝေနေကြောင်း သိရှိရသည်။
တောင်ဒဂုံ၊ လှိုင်သာယာ၊ မြောက်ဒဂုံနှင့် ရွှေပြည်သာမြို့နယ်များတွင် ဆန်များအား လိုက်လံဝေနေခြင်းဖြစ်ပြီး အစောပိုင်း စာရင်းကောက်ခံရာတွင် လူမိုက်(ဇိုး)များကို လက်လံစာရင်းကောက်ခိုင်းကြောင်း အကြမ်းဖက် စစ်တပ်ခန့် လူကယ်ပြန်ဝန်ကြီး ဒေါ်သက်သက်ခိုင်၏ လက်အောက် အရာရှိတစ်ဦးက MPA သို့ ပြောသည်။
“စည်းရုံးရေးလို့ စကစက ပြောတာပဲ။ ဇိုး(လူမိုက်) တွေကို စာရင်းလုပ်ခိုင်းတာ”ဟု သူက ပြောသည်။
စည်းရုံးရေးဆင်း လိုက်လံပေးဝေရာတွင် အိမ်ပိုင်ရှိသူများ မရဘဲ အိမ်ငှားနေထိုင်သူတချို့သာ ရရှိကြောင်း သူက ဆက်ပြောသည်။
အိန္ဒိယနိုင်ငံ၏ မူလအစီအစဥ်အရ စစ်ကိုင်းအတွက် ကူညီထောက်ပံ့ထားသော်လည်း အကြမ်းဖက် စစ်တပ်အကျအဆုံးများနေသည့် စစ်ကိုင်းကို မသွားရဲဘဲ ရန်ကုန်တွင်သာ ယခုလို စည်းရုံးရေးဆင်း လိုက်လံ ဝေငှ နေရခြင်းဖြစ်ကြောင်း ၎င်းအရာရှိက ဆိုသည်။