အကြမ်းဖက်စစ်တပ်၏ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် အာဖရိကတိုက်ရှိ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး – ICJ တွင် တရားစွဲဆိုထားသောအမှုကို ကန့်ကွက်လွှာကို NUG အစိုးရပြန်လည်ရုတ်သိမ်းပြီး လက်ခံကြောင်းကို ICJ တရားရုံးကို အကြောင်းကြားခဲ့ကြောင်း ICJ အရေးပြုုပ်နေသူများက ပြောသည်။
လာမည့် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် နယ်သာလန်နိုင်ငံ သယ်ဟိတ်မြို့ နိုင်ငံတကာတရားရုံး ICJ တွင် ဖေဖော်ဝါရီ ၂၈ ရက်နေ့ထိ ၄ ရက် ထိပြလုပ်မည်ဖြစ်ပြီး ကုလသမဂ္ဂ၏ အဓိကတရားစီရင်ရေးအဖွဲ့အစည်းဖြစ်သည့် အပြည်ပြည်ဆိုင်ရာတရားရုံးသည် မြန်မာနိုင်ငံမှ တင်သွင်းသည့် ပဏာမကန့်ကွက်မှုများအပေါ် အာရုံစိုက်သွားမည်ဖြစ်သည်။
“ ယခင်ကြားနာပွဲမှာ ဂမ်ဘီယာက တရားစွဲဆိုခွင့်မရှိဘူး၊ ICJ တရားရုံးက တရားစီရင်ခွင့်မရှိဘူးလို့ ကန့်ကွက်ခဲ့တဲ့ကိစ္စကို အခု NUG က ရုတ်သိမ်းလိုက်ပြီး၊ တရားရုံးက တရားစီရင်ခွင့်ရှိတာကို လက်ခံကြောင်း အကြောင်းကြားတာက ယခင်က သွားခဲ့တဲ့မူနဲ့ မတူကြောင်း တရားဝင် ပြသလိုက်တာ ဖြစ်ပါတယ်။ “ ဟု ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့၊ တွဲဖက်တည်ထောင်သူတစ်ဦးဖြစ်သည့် ကိုနေဆန်းလွင်က ပြောသည်။
လက်ရှိ COVID-19 ကပ်ရောဂါကြောင့် ကြားနာပွဲကို တရားရုံး၏အဖွဲ့ဝင်အချို့သည် တရားရေးခန်းမကြီးတွင် လူကိုယ်တိုင်လာရောက်၍ နှုတ်ဖြင့်တရားစွဲဆိုမှုများပြုလုပ်ကြမည်ဖြစ်ပြီး အခြားသူများသည် ဗီဒီယိုလင့်ခ်ဖြင့် အဝေးမှပါဝင်ရမည်ဖြစ်ကာ အမှုတွဲတွင် ပါဝင်သူများ၏ ကိုယ်စားလှယ်များသည် လူကိုယ်တိုင်ဖြစ်စေ ဗီဒီယိုလင့်ခ်ဖြင့်ဖြစ်စေ ပါဝင်မည်ဖြစ်သည်။
” လာမယ့် ကြားနာပွဲမှာ တရားစီရင်ခွင့်ကိစ္စကို အဓိကထားဆုံးဖြတ်မှာဆိုတော့ NUG ကိုယ်စားပြုခွင့်ရရင် ဒီကိစ္စကို ဆုံးဖြတ်စရာမလိုတော့ဘူး။ အမှုမြန်မြန်ပြီးစေဖို့ အထောက်အကူဖြစ်လိမ့်မယ်။ “ ကိုနေဆန်းလွင်က ပြောသည်။
NUG အစိုးရနှင့် အကြမ်းဖက်စစ်ကောင်စီ နှစ်ခုစလုံးသည် နိုင်ငံကိုယ်စားပြုခွင့်အတွက် ကြိုးစားနေကြပြီး ယနေ့အချိန်ထိ ICJ မှ ကိုယ်စားပြုခွင့်ကို တရားထုတ်ပြန် ကြေညာထားခြင်းမရှိသေးကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီက ICJ အရေး ဖြေရှင်းရန်အတွက် ကော်မတီတရပ်ကို ၂၀၂၁ ခုနှစ် ဇွန်လက ဖွဲ့စည်းခဲ့ပြီး ကော်မတီဥက္ကဋ္ဌအဖြစ် နိုင်ငံရေးခြားရေး၀န်ကြီး ဦး၀ဏ္ဏမောင်လွင်ကို ခန့်အပ်ထားကြောင်း သိရသည်။
အကြမ်းဖက်စစ်တပ်၏ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် အာဖရိကတိုက်ရှိ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး – ICJ တွင် ၂၀၁၉ နိုဝင်ဘာလထဲ တရားစွဲခဲ့ပြီး ဒီဇင်ဘာလကြားနာမှုတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ICJ တွင် လာရောက် တရားရင်ဆိုင်ခဲ့သည်။